Thursday, November 22, 2012

မြစ်ကြီးနားမြို့၊ ၀န်းသိုကျောင်းဆရာတော်ဘုရားကြီး၏ ၀ိဇာတပူဇာ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ဓမ္မရက္ခိဝန်းသိုကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယကဖြစ်တော်မူသော

အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက
အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ နိုင်ငံတော်သြ၀ါဒါစရိယ
ဘဒ္ဒန္တသီလ၀ံသ မထေရ်မြတ်ကြီး၏ သက်တော်(၈၇)နှစ်ပြည့်
ဝိဇာတပူဇာ မွေးနေ့မင်္ဂလာပွဲ
၁၃၇၄-ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၁)ရက်၊ ၂၀၁၂-ခု၊ နိုဝင်ဘာလ (၁၄) ရက်၊ ဗုဒ္ဓဟူးနေ့

ဦးသုနန္ဒအား skynet မှ မေးမြန်းနေစဉ်
ဦးကောဝိဒအား skynet မှ မေးမြန်းနေစဉ်
၁။ skynet အမေး
အရှင်ဘုရားဘွဲ့တော်၏ အမည်နှင့် လက်ရှိတာဝန်ယူ ဆောင်ရွက်နေသည့်အပိုင်းလေး ပြောပြပေးပါဘုရား။

အဖြေ-
ဘုန်းဘုန်းကတော့ ဦးဇနိန္ဒဖြစ်ပါတယ်၊ လက်ရှိ ပွဲတော်ဖြစ်မြောက်ရေး
ဥက္ကဋ္ဌတာဝန်ကို ယူထားပါတယ်။

၂။ skynet အမေး-
ဝန်းသိုကျောင်းတိုက် စတင်ဖြစ်ပေါ်လာပုံအကျဉ်းလေး မိန့်ကြားပေးပါဘုရား

၂။ အဖြေ-
ဓမ္မရက္ခိတ၀န်းသိုကျောင်း အမည်ထဲက ၀န်းသိုဆိုတဲ့အမည်သည် ရှမ်းဘာသာဖြင့် (၀ိန်းဆေ)ဆိုသည့် ဒေသန္တရ ဝေဟာရတစ်ခုမှ စတင်ပေါက်ဖွား အသက်ဝင်လာသည့်
ကျောင်းတိုက်ကြီးဖြစ်ပသည်။
(၀ိန်းဆေ)ဆိုတာ ကျားများခိုအောင်းနေသည့် တောနေရာလေးတစ်ခုလို့ အဓိပ္ပါယ် ရပါသည်။ ကျားများခိုအောင်းနေသည့် နေရာလေးတစ်ခုမှ ၁၃၁၀-ခုနှစ် ကျော်လောက်တွင်
ရွှေဘိုဒေသမှ ဦးရွှေဘို(ခ) ဆရာတော် ဦးစန္ဒိမာ စတင်တည်ထောင် အသက်သွင်းခဲ့သောကြောင့် ၀န်းသိုကျောင်းတိုက်ဆိုတာ လှုပ်ရှားအသက်ဝင်ခဲ့ပါသည်။

၃။ skynet အမေး-
ယခုလက်ရှိဆရာတော် စတင်တာဝန်ယူ ကျောင်းထိုင်သည့် ခုနှစ်နှင့် ကျောင်းထိုင်သက်တမ်းကိုလည်း မိန့်ကြားပေးပါဘုရား

၃။အဖြေ-
၁၃၃၈-ခုနှစ်တွင် ၀န်းသိုကျောင်းဆရာတော် ဦးစန္ဒိမာ ပျံလွန်တော်မူသွားသည့်အတွက် မြို့နယ် သံဃာတော်များနှင့် ဒကာ/ဒကာမများ ပင့်ဆောင်ချက်ဖြင့် ယခုလက်ရှိဆရာတော်
အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တ သီလ၀ံသ မထေရ်မြတ်ကြီးသည် ၁၃၃၈-ခုနှစ်မှ ၁၃၇၄-ခုနှစ်ထိ သက်တော်(၈၇)နှစ်ပြည့်သည့်
ယနေ့တိုင်အောင် ကျောင်းထိုင် နှစ်ပေါင်း (၃၆) နှစ် ရှိသွားပြီ ဖြစ်ပါသည်၊ လက်ရှိဆရာတော်ကြီး ကျောင်းထိုင်ပြီးသည့် နောက်ပိုင်းတွင်မှ ဓမ္မရက္ခိတ၀န်းသို ပရိယတ္တိစာသင်တိုက်ကြီးမှာ ထင်ထင်ရှားရှား ကြီးကြီးမားမားဖြင့် အသက်ဝင်လာခဲ့ပါသည်။

၎။ skynet အမေး-
ဝန်းသိုကျောင်းတိုက်မှာ သာသာနာရေး ဆောင်ရွက်မှုများအပြင် အခြား ပရဟိတ ဆောင်ရွက်ချက်များ ရှိလျှင် ပြောပြပေးပါဘုရား

၎။ အဖြေ-
ဆရာတော်ကြီးသည် ဓမ္မရက္ခိတ၀န်းသိုကျောင်းတိုက်ကြီးကို ပရိယတ္တိစာသင်တိုက်ကြီးအနေနဲ့ အဓိက မောင်းနှင်နေသော်လည်း အခြေအနေနဲ့ အချိန်အခါ လိုအပ်ချက်ပေါ်မူတည်ပြီး ပရဟိတ ဆောင်ရွက်မှုများ ပြုလုပ်ပေးလျက် ရှိရာ ယခုအချိန်မှာတော့ စစ်ဘေးမှ တိမ်းရှောင်းလာကြသည့်
ဒုက္ခသည်များအား လက်ခံပြီး ၀န်းသိုကျောင်း ကူညီကယ်ဆယ်ရေး စခန်းကို ဖွင့်လှစ်ကာ ကူညီဆောင်ရွက်ပေးနေလျက်ရှိပါသည်
skynet အမေး
အရှင်ဘုရားဘွဲ့တော်၏ အမည်နှင့် လက်ရှိတာဝန်ယူ ဆောင်ရွက်နေသည့်အပိုင်းလေး ပြောပြပေးပါဘုရား။

အဖြေ-
ဦးဇင်းဘွဲ့တော်ကတော့ ဦးကောဝိဒဖြစ်ပါသည်၊ ဦးဇင်းကတော့ ပွဲတော်ဖြစ်မြောက်ရေး အထွေထွေတာဝန်တွေများကို တာဝန်ယူ ဆောင်ရွက်နေပါသည်။

၅။skynet အမေး
ဆရာတော်ကြီးနှင့် ၀န်းသိုကျောင်းတိုက်မှ ပြုစုပျိုးထောင် မွေးထုတ်ပေးခဲ့သည့် သာသနာ့ အာဇာနည်
ပုဂ္ဂိုလ်များ ရှိရင် ပြောပြပေးပါဘုရား

၅။ အဖြေ-
ဆရာတော်ကြီးသည် မန္တလေး၊ နမ္မတီး၊ မြစ်ကြီးနားမြို့တွေမှာ ပရိယတ္တိသာသနာပြုလုပ်ငန်းကို စွမ်းစွမ်းတမံ ဆောင်ရွက်ခံသည့်အတွက် နာမည်ကြီးသော တစ်ဦးတစ်ယောက်ကောင်းဆိုတာထက် မြန်မာနိုင်ငံအနှံ့အပြားရှိ နေရာအရပ်ရပ်မှာ
အသီးသီး သာသနာ ပြုနေကြသည့် တပည့် တပန်းပေါင်း မြောက်များစွာ ရှိပါသည်။ ဓမ္မရက္ခိတ၀န်းသိုကျောင်းတိုက်ကြီးအနေနဲ့ ကချင်ပြည်နယ်မှာ သာသနာ၏ အခြေခံအုဌ်မြစ်ကို ချပေးနိုင်သည့် ကျောင်းထိုင်ဘုန်းကြီးနှင့် စာချဝန်ဆောင် သံဃာတော်
အမြောက်အများကို ပြုစုပျိုးထောင် မွေးထုတ်ပေးနိုင်ပေးနိုင်ခဲ့/မွေးထုတ်ပေးနေလျက်ရှိပါသည်။

၆။ skynet အမေး
ယခုလက်ရှိ စာသင်သား သံဃာအရေအတွက် ဘယ်လောက်ရှိပါသလဲဘုရား

၆။ အဖြေ-
ဝန်းသိုကျောင်းတိုက်မှာ နှစ်စဉ် ပျမ်းမျှ စာသင်သားသံဃာ (၁၀၀)ခန့်ကို
လက်ခံ သင်ကြားပေးလျက်ရှိပါသည်။

၇။skynet အမေး
ဆရာတော်ကြီး၏ သာသနာရေးဆောင်ရွက်ချက်များကို အကျဉ်းချုပ်ပြောပြပေးပါဘုရား။

၇။ အဖြေ-
ဆရာတော်ကြီးသည် မန္တလေးမြို့၊ မြင်းဝန်မင်းကြီးကျောင်းတိုက်၊ အလယ်တိုက်ကြီးတွင် ပရိယတ္တိစာသင်/စာချ
သာသနာပြုလုပ်ငန်းများကို ဆောင်ရွက်ရင်း ဆရာဖြစ်သော မြင်းဝန်မင်းကြီးတိုက်-တိုက်အုပ်၊ ပြည်လုံးအံ့ကျောင်း
(နိုင်ငံတော်သြ၀ါဒါစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ ဒုတိယရွှေယင်မျှော်ဆရာတော်ကြီး) ဘဒ္ဒန္တ ဇာဂရမထေရ်မြတ်ကြီးနှင့်
အတူ ဆရာတော်ဘုရားကြီး၏ တပည့်သံဃာတော်များကို ဦးဆောင်လျက် မြန်မာနိုင်ငံတွင် အစဦးစွာ တည်ထားကိုး
ကွယ်တော်မူသည့် မန္တလေး-ပြင်ဦးလွင်ကားလမ်းဘေး-၂၁မိုင်စခန်း`၌ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာ မဟာဗောဓိသတ္တဋ္ဌာန
ဘုရားပုံတူ စေတီတော်မြတ်ကြီးကို တည်ထားတော်မူရာ`၌ အဓိကကျသည့် တာဝန်များကို နိုင်ငံတော်အစိုးရအကြီး
အကဲပိုင်းများနှင့် တွဲဖက်ကာ တာဝန်ယူ ဆောင်ရွက်ခဲ့ပါသည်။
ကချင်ပြည်နယ်၊ နမ္မတီးမြို့တွင် သီးတင်းသုံးတော်မူစဉ် ပရိယတ္တိစာသင်/စာချ လုပ်ငန်းများကို ဆောင်ရွက်
တော်မူရင်း လူပရိသတ်တို့အား ဓမ္မအမြိုက်ဆေး တိုက်ကြွေးခြင်း၊ စေတိယပါလကျောင်းဝင်းအတွင်းရှိ ရှေးဟောင်းစေ
တီတော်ပျက်ကြီးကို ပြုပြင်မွမ်းမံပြီး အောင်မြေမှန်ကူ စေတီတော်မြတ်ကြီးအဖြစ် တည်ထားကိုးကွယ်တော်မူနိုင်ခဲ့ခြင်း၊
မြစ်ကြီးနားမြို့တွင် ပါဠိပထမပြန် စာဖြေဌာန ရရှိအောင် ဆောင်၇ွက်တော်မူခဲ့ခြင်း၊ ကိုယ်ပိုင်န၀ကမ္မငွေဖြင့် မတည်ကာ
ပရိယတ္တိသာသနာ့နုဂ္ဂဟအသင်းကို တည်ထောင်တော်မူနိုင်ခဲ့ခြင်း၊ ပြည်နယ်သာသနာရေး ဦးစီဌာနနှင့် ညှိနိုင်းကာ
မင်္ဂလာစာမေးပွဲ၊ ဗုဒ္ဓ၀င်စာမေးပွဲ၊ ဓမ္မစင်္ကြာစာမေးပွဲ၊ အဘိဓမ္မာစာမေးပွဲများကို တည်ထောင် ကျင်းပပေးနိုင်ခဲ့ခြင်း၊ ကချင်ပြည်နယ်ရှိ သံဃာတော်များ ၀ိနည်းအရာ ကျွမ်းကျင် လိမ္မာရေးအတွက် ကချင်ပြည်နယ်လုံးဆိုင်ရာ ၀ိနယ သဒ္ဓမ္မပါလ စာမေးပွဲများကိုလည်း ကျင်းပပေးနိုင်ခဲ့ပါသည်/
မြစ်ကြီးနားမြို့တွင် သီတင်းသုံးတော်မူစဉ်
၁၃၄၁-ခုနှစ်၊ သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးအတွက် ဂိုဏ်းပေါင်းဆုံး သံဃာ့အစည်းဝေးကြီး မြစ်မြောက်
ရန် ပဏာမ(၆၆)ပါး ရွေးချယ်ရာတွင် မြစ်ကြီးနား အခြေခံဒေသမှ ၀န်ဆောင်အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့ရာ ယင်း
အစည်းအဝေးကြီးမှ နိုင်ငံတော် သံဃဗဟိုဝန်ဆောင်အဖြစ် ခန့်အပ် တာဝန်ပေးခံခဲ့ရပါသည်။ ထို့နောက် ကချင်ပြည်
နယ် ပရိယတ္တိသာသနာ ကျယ်ပြန့်ထွန်းကားရေးအတွက် ကချင်ပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလ စာမေးပွဲ
ကို ကျင်းပပေးခြင်း၊ မြစ်ကြီးနား၊ မိုးညင်း၊ မိုးကောင်း၊ နမ္မတီး၊ ဟိုပင်၊ဖားကန့် တို့မှ တရုတ် မဟာယာနဗုဒ္ဓဘာသာ
မျာကို ထေရ၀ါဒဗုဒ္ဓဘာသာဖြစ်အောင် စွမ်းဆောင်ပေးတော်မူနိုင်ခဲ့ခြင်း၊ ကချင်ပြည်နယ် မိုးညင်းမြို့ ရှမ်းဇောတိဂိုက်း
ဝင် သံဃာတော်မျာကို သုဓမ္မာဂိုဏ်းဝင် သံဃာတော်များ ဖြစ်အောင် စေ့စပ် ညှိနိုင်းဆောင်ရွက်တော်မူနိုင်ခဲ့ခြင်း၊ ဗုဒ္ဓ
ဘာသာကို စိတ်ဝင်စားသည့် ဘာသာခြားများကိုလည်း အခါအားလျှော်စွာ တရားတော်များ ဟောကြားပေးခြင်း။
၁၃၅၁-ခုနှစ်တွင် ကချင်ပြည်နယ် ရှိ အဘက်ဘက်သော သာသနာပြု လုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်တော်
မူရင်းမှ နိုင်ငံတော်သံဃမဟာနာယကတာဝန်ကိုပါ ခန့်အပ်/တာဝန်ယူဆောင်ရွက်ခဲ့ရာ ၁၃၆၂-ခုနှစ်တွင် နိုင်ငံတော်
သံဃမဟာနာယက ဒုတိယဥက္ကဋ္ဌ တာဝန်ကို ခန့်အပ်ခံခဲ့ရပါသည်။
သာသနာတော်မြတ်ကြီးအား ဘက်စုံ ပြည့်စုံစေရန် ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၊ အမျိုးသမီးများအတွက်
ဘာသာသာသနာယဉ်ကျေးမှု၏ ဗဟိုမဏ္ဍိုင်တစ်ခုဖြစ်သည့် သမိဒ္ဓေါဒယ သီလရှင်စာသင်တိုက်ကိုလည်း ဖွင့်လှစ်တည်
ထောင်ပေးတော်မူခဲ့ပါသည်။
ပေလယ်မြေမျက်နှာပြင်ထက် ပျှမ်းမျှပေ (၃၀၀၀)ကျော်မြင့်ပြီး၊ ပေပေါင်း(၅၀၀၀)ကျော် ထပ်ဆောင်မြင့်သည့် တောင်
ထိပ်/တောင်တန်းများရှိရာ ပူတာအိုခရိုင် ခန္တီလုံဒေသတွင်လဲ သာသနာတော်မြတ်ကြီး ပြန်လည် ရှင်သန်နိုင်ရန်ရေး
အတွက် ခန္တီလုံ ဗုဒ္ဓသာသနနုဂ္ဂဟအသင်းကို တည်ထောင်ပြီး ပျက်ဆီး ယိုယွင်းနေသော စေတီပုထိုးများကို ခက်ခက်
ခဲခဲ ပင်ပန်းကြီးစွာ ကြွရောက်၍ သာသနာပြုခဲ့ပါသည်။ ထို့အပြင် ပူတာအိုမှ မိုင်ပေါင်း (၁၇၀)လောက် ဝေးလံသော
တိဗက်လူမျိုးများ ရှိရာ တဟွန်းဒမ်း ဒေသသို့လည်း တတောင်ဆင်း၊ တစ်တောင်တက်၊ တစ်တောထွက်၍ တတောင်
ကိုကျော်ကာ အံ့သြသမှု ပြုရလောက်အောင် သာသနာပြုလုပ်ငန်းများ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ပါသည်။
ဆရာတော်ဘုရားကြီး၏ သာသနာ့ ဇာတိချပ်မြုပ်မြေဖြစ်သော မြစ်ကြီးနားမြို့နယ် တာလောကြီးမြို့နယ်၊
ခေါင်းဖူးရွာတွင်လည်း ညာဏ်တော်(၁၆၂)ပေရှိသည့် ခေါင်းဖူးလောကမာရစိန် စေတီတော်မြတ်ကြီးကို ဘက်စုံပြုပြင်
မွမ်းမံတည်ထားတော်မူနိုင်ခဲ့ပါသည်။
skynet အမေး
အရှင်ဘုရားဘွဲ့တော်၏ အမည်နှင့် လက်ရှိတာဝန်ယူ ဆောင်ရွက်နေသည့်အပိုင်းလေး ပြောပြပေးပါဘုရား။

အဖြေ-
ဦးဇင်းကတော့ ဦးသုနန္ဒဖြစ်ပါသည်၊ ပွဲတော်ဖြစ်မြောက်ရေး အတွင်းရေးမှူး တာဝန်ကို တာဝန်ယူ ဆောင်ရွက်နေပါသည်။

၈။skynet အမေး
ဆရာတော်ကြီး၏ ထေရုပ္ပတ္တိသမိုင်းကို အကျဉ်းချုပ် ပြောပြပေးပါဘုရား

၈။အဖြေ-
ဆရာတော်ကြီးကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ဆင်ဘိုကျေးရွာ ခမည်းတော် သစ်ကုန်သည် ဦးလူရ၊ မယ်တော် ရွှေကုန်သည် ဒေါ်အီတို့မှ ၁၂၈၇-ခုနှစ်၊ တန်ဆောင်မုန်းလဆန်း(၁)ရက် ၊ သောကြာနေ့၊ ည(၇)နာရီ မိနစ် (၂၀) အချိန်တွင်
မီးရှုးသန့်စင် ဖွားမြင်တော်မူခဲ့ပါသည်။ ကျောင်းမနေမှီ ငယ်စဉ်ကတည်းက ရှမ်းကြီး၊ ရှမ်းခန္တီး၊ မောရှမ်း၊ မရူး၊ ကချင်ဘာသာစကားတို့ကို တက်မြောက် ပြောဆိုခဲ့ပါသည်။ ၁၂၉၅-ခုနှစ်၊ စတုတ္ထတန်းရောက် (၈)နှစ်သားအရွယ်တွင် မိဘများ၏ ဇာတိမြေဖြစ်သော
ကသာမြို့ မြောက်ကျောင်းဆရာတော်ကို ဥပဇ္ဈာယ်ပြု၍ ဗုဒ္ဓဘာသာတို့၏ ထုံးတမ်းအစဉ်အလာအတိုင်း ပထမအကြိမ် ရှင်သာမဏေပြုခဲ့ပါသည်။
ထိုနောက် လူဝတ်ကြောင်ဘ၀ဖြင့် မိဘများနှင့် ဒိုးတူ ဘောင်ဖက် လုပ်ကိုင်ရင်း ဂျပန်ခေတ် မငြိမ်မသက်ဖြစ်သည့်အချိန် စဉ်းစားတွေးတောတတ်သော (၁၆) နှစ်သား အရွယ်သို့ ရောက်လာချိန်မှာတော့ ဂျပန်ခေတ်၏ အနိဋ္ဌာရုံတို့နှင့် လူဘ၀၏ ဒုက္ခ၊သုက္ခ
အဖုံဖုံတို့ကို အပြစ်မြင် ငြီးငွေ့ကာ ၁၃၀၃-ခုနှစ်၊ ခေါင်းဖူးရွာသစ် ဂိုဏ်းအုပ်ကျောင်းဆရာတော် ဦးနန္ဒ၀ံသ အထံတွင် ဒုတိယအကြိမ် ရှင်သာမဏေ ပြုတော်မူပါသည်။
တာလောကြီး အောက်ကျောင်းဆ၇ာတော် ဦးသူရိယနှင့် မြစ်ကြီးနားမြို့ ၀န်းသိုကျောင်းဆရာတော် ဦးစန္ဒိမာအထံတွင် အခြေခံ သဒ္ဒါ၊ သင်္ဂြုဟ်စသည့် ပရိယတ္တိစာပေများကို သင်ယူရင်း ၁၃၀၆-ခုနှစ် တပိုတွဲလပြည့်ကျော် (၃)၊ ဗုဒ္ဓဟူးနေ့၊ ညနေ (၃)နာရီ မိနစ်
(၂၀) အချိန်တွင် တာလောကြီး ကျေးရွာ အောက်ကျောင်း ခဏ္ဍသိမ်တော်မြတ်အတွင်း၌ ခေါင်းဖူးရွာသစ် ဂိုဏ်းအုပ်ကျောင်းဆရာတော် ဦးနန္ဒ၀ံသကို ဥပဇ္ဈာယ်ပြု၍ မိဘနှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ မြင့်မြတ်သော ရဟန်းပဉ္စင်းအဖြစ်သို့ ရောက်ရှိတော်မူခဲ့ပါသည်။

၁၃၀၆/၇-ခုနှစ်တွင် နမ္မတီးမြို့ ဥတ္တရာမကျောင်းဆရာတော် ဦးလောကဓဇထံ၌လည်းကောင်း၊
၁၃၀၈-ခုနှစ်တွင် ရွှေကူမြို့ မြို့မကျောင်းဆရာတော် ဘဒ္ဒန္တ ဇ၀န( အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော် သံဃမဟာနာယက ဒုတိယဥက္ကဋ္ဌ)ထံ၌လည်းကောင်း အဘိဓာန် ဆန်း အလင်္ကာကျမ်း၊ သဒ္ဒါကျမ်း၊ အဘိဓမ္မာ စသည့် ပိဋကတ်တော်များကို လေ့လာဆည်းပူးခဲ့ပါသည်။
၁၃၀၉-ခုနှစ်မှ ၁၃၂၉-ခုနှစ်ထိ ၁၃၁၆-ခုနှစ် ပခုက္ကူမြို့၊ မဟာဝိသုတာရာမတိုက်သို့ စာသင်သွားသည့် တစ်နှစ်ကို ချန်လှပ်၍ မန္တလေးမြို့တွင် (၁၉)နှစ်တိုင်တိုင် ပရိယတ္တိစာသင်/စာချ လုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ဦးစွာပထမ အနောက်ပြင် မစိုးရိမ်ကျောင်းတိုက်တွင်
လည်းကောင်း၊ တောင်ပြင် မြင်းဝန်ကြီးကျောင်းတိုက် ၊ ပြည်လုံးအံ့ကျောင်းဆရာတော် (နိုင်ငံတော်သြ၀ါဒါစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ ဒုတိယ ရွှေယင်မျှော်ဆရာတော်ကြီး) ဘဒ္ဒန္တ ဇာဂရ မထေရ်မြတ်ကြီးထံတွင်လည်းကောင်း ပရိယတ္တိစာပေများ လေ့လာသင်ယူခဲ့ရာ
၁၃၁၁-ခုနှစ်တွင် ပဌမငယ်တန်း
၁၃၁၂-ခုနှစ်တွင် ပဌမလတ်တန်း
၁၃၁၃-ခုနှစ်တွင် ပဌမကြီးတန်း
၁၃၁၄-ခုနှစ်တွင် ဓမ္မာစရိယတန်းကို အဋ္ဌကထာငါးကျမ်းနှင့်တကွ အောင်မြင်တော်မူခဲ့ပါသည်။

ထို့နောက် မြင်းဝန်တိုက် ဆရာတော် ဘဒ္ဒန္တ ဇာဂရ မထေရ်မြတ်ကြီး၏ တိုက်တွန်းတော်မူချက်အရ အလယ်တိုက်ကြီးတွင် (၁၉)နှစ်တိုင်တိုင် ကိုယ်တိုင်လည်း စာချ/ စာသင်သားများကို သင်ကြားရာ၌လည်း ၀ါဆိုဦးက ပျံလွန်တော်မူသွားသည့် ပြင်ဦးလွင်မြို့နယ်၊ ဇီးပင်ကြီး
နတ်စဉ်ကျောင်းဆရာတော် (သ.စ.အ ဓမ္မာစရိယ) ဦးဥက္ကဋ္ဌာဘိဝံသ နှင့် တွဲဖက်၍ မြင်းဝန်တိုက် ပရိယတ္တိစာပေသမိုင်းတစ်ရပ်ကို စိုက်ထူနိုင်ခဲ့သည့်ထိ စွမ်းစွမ်းတမံ ဆောင်ရွက်တော်မူခဲ့ပါသည်။
နမ္မတီးမြို့၊ ဥတ္တရာမကျောင်းတိုက်တွင် (၉)နှစ်တိုင်တိုင် သာသနာပြု လုပ်ငန်းများကို ဆောင်ရွက်ရင်း ၁၃၃၈-ခုနှစ်တွင်တော့ မြစ်ကြီးနားမြို့၊ ဓမ္မရက္ခိတ၀န်းသိုကျောင်းတိုက်သို့ ရောက်ရှိကာ ပရိယတ္တိစာသင်/စာချ ဂန္ထဓုရ လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်ခြင်းနှင့်
တခြား သာသနာပြု လုပ်ငန်းများကိုလည်း သက်တော်(၈၇)နှစ်ပြည့်သည့် ယနေ့တိုင်အောင် ဒကာကြီးတို့ skynet မိသားစု ဖူးမြင်တွေ့ရသည့်အတိုင်း စွမ်းစွမ်းတမံ တစိုက်မတ်မတ် ဆောင်ရွက်လျက်ရှိပါသည်။

၉။skynet အမေး
ဘုန်းဘုန်းအနေနဲ့ ဆရာတော်ကြီးနဲ့ ပက်သက်ပြီး ထူးထူးခြားခြား ဘာများမိန့်ချင်ပါသေးသလဲ ဘုရား

၉။ အဖြေ-
(က)ဆရာတော်ကြီးသည် သာသနာနှင့် ကချင်ပြည်နယ်တွင် သာသနာ့အာဇာနည်၊ သာသနာ့ ဥသျှောင်ဆရာတော်ကြီး တစ်ပါးလည်းဖြစ်သည်။
(ခ)သက်တော်(၈၇)နှစ်ပြည့်သည့် ယနေ့တိုင်အောင် လောကအကျိုး၊ သာသနာ့အကျိုးများကို အားသွန်ခွန်စိုက် တစိုက်မတ်မတ် ဆောင်ရွက်နေဆဲလည်းဖြစ်သည်။
(ဂ)ဆရာတော်ကြီး၏ လောက/ဓမ္မ အကျိုးပြု လုပ်ငန်းစဉ်တိုင်းမှာ ထူးခြားလေးနက်ပြီး သြဇာတိက္ကမ ကြီးလွန်းလှသောကြောင့် အများပြည်သူ
ရဟန်းရှင်လူတို့၏ လေးစားကြည်ညို ခိုကိုးအားထားရာလည်းဖြစ်သည်။
(ဃ)သာသနာနှင့် ပက်သက်လာလျှင် ကမ္ဗည်းမှတ်တိုင် စိုက်ထူရလောက်အောင် မိမိခန္ဓာနှင့် စိတ်အစဉ်ကို ဇွဲသတ္တိရှိရှိဖြင့် ဇွတ်နစ်ကာ ကြိုးပမ်းဆောင်ရွက်ခဲ့ ဆောင်ရွက်နေဆဲလည်းဖြစ်သည်။
(င)ဆရာတော်ကြီးသည် သူတော်ကောင်းတ၇ားကို လက်ကိုင်ထားသူ၊ သာသနာမျက်နှာကိုသာ ကြည့်ပြီး ၊ မည်သူမျက်နှာကိုမှ မကြည့်တတ်သူ၊
ဟုတ်တိုင်းမှန်ရာကိုသာ ဘွင်းဘွင်းလင်းလင်း ရှင်းရှင်းပြတ်ပြတ် ပြောဆိုတတ်သူလည်း ဖြစ်ပါသည်။

No comments:

Post a Comment