Sunday, June 30, 2013

1954-ခုနှစ်၊ ဗုဒ္ဓဘာသာ အမျိုးသမီးများ အထူးထိမ်းမြားမှု အမွေးဆက်ခံမှု အက်ဥပဒေ။

အင်းစိန် အောင်ဆန်းတပ်ဦး သံဃညီလာခံ အခမ်းအနား

အထက်တွင် ပြဆိုသည့်အတိုင်း ထိမ်းမြားလက်ထက်ရေးနှင့် ပက်သက်၍ မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေများက အချုပ်အချယ်မရှိ လွတ်လပ်စွာပေးထားသော်ငြားလည်း ဘာသာခြားများ၏ ဓလေ့ထုံးတမ်းများမှာ တင်းကြပ်သည်ကို တွေ့ရသည်။ ဓမ္မသတ်များကသော်လည်းကောင်း၊ မြန်မာ့ဓလေ့ထုံးတမ်းများက သော်လည်းကောင်း၊ ဘာသာခြားများနှင့် ထိမ်းမြားမှုကို တားမြစ်မထားပေ။ ထို့ကြောင့် ဆင်းရဲနွမ်းပါးသည့် အမျိုးသမီးများသည် ဘာသာခြားယောက်ျားများနှင့် ထမ်းမြားရသောအခါ တရားဝင်မယားဖြစ်မြောက်ရန် မိမိတို့၏ ကိုးကွယ်ရင်း ဗုဒ္ဓဘာသာကို စွန့်လွှတ်၍ ဘာသာခြား၏ ဘာသာသို့ ကူးပြောင်းရပြီး သားသမီးများလည်း ဖခင်၏ ဘာသာဝင်သူများ ဖြစ်ကြရသည်။

ထို့ကြောင့် ဘာသာခြားများနှင့် ထိမ်းမြားကြရသည့် မြန်မာအမျိုးသမီးများနှင့် ၄င်းတို့၏ သားသမီးများ၏ နစ်နာမှုများကို ကာကွယ်ရန်အတွက် 1939-ခုနှစ်တွင် မြန်မာနိုင်ငံ အက်ဥပဒေအမှတ် ၂၄ အရ (ဗုဒ္ဓဘာသာ မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှုဥပဒေ)ကို အင်္ဂလိပ်ဘာသာဖြင့် ပြဋ္ဌာန်းခဲ့သည်။ ထိုအက် ဥပဒေမှာ 1940-ခုနှစ် ဧပြီလ တစ်ရက်နေ့မှ စတင်အတည်ပြုခဲ့သော်လည်း ဒုတိယကမ္ဘာစစ်ကြီးကြောင့် လူသိနည်းပြီး အကျိုးမရှိခဲ့ပေ။ ထို့ကြောင့် 1954-ခုနှစ်တွင် ယင်းအက်ဥပဒေကို ရုတ်သိမ်းပြီး (1954-ခုနှစ် ဗုဒ္ဓဘာသာမိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှုဥပဒေ) ကို (1954-ခုနှစ်၊ အက်ဥပဒေ ပုဒ်မ ၃၂) ဖြင့် ပြဋ္ဌာန်း အတည်ပြုခဲ့သည်။ ဤဥပဒေပြဋ္ဌာန်းချက်များသည် အခြားတည်ဆဲ ဥပဒေများ၊ ဥပဒေကဲ့သို့ အာဏာ ရှိသော ဓလေ့ထုံးတမ်းများနှင့် မည်သို့ပင် ဆန့်ကျင်စေကာမူ၊ ဗုဒ္ဓဘာသာဝင် မိန်းမနှင့် ထိုမိန်းမ၏ ဗုဒ္ဓဘာသာဝင်မဟုတ်သော လင်ယောက်ျားတိုင်းအပေါ်၌ အာဏာသက်ရောက်ရမည်ဟု ပုဒ်မ ၄ တွင် ပြဆိုထားသည်။

ပုဒ်မ ၃ အရ ရွာသူကြီးအားလုံးသည် ဤအက်ဥပဒေအရ မှတ်ပုံတင်အရာရှိများဖြစ်သည်။ နိုင်ငံတော်သမ္မတသည် မိမိသင့်တော်သည် ထင်မြင်ရသောပုဂ္ဂိုလ်ကို ရွာသူကြီးမရှိသောဒေသတွင် မှတ်ပုံတင် အရာရှိအဖြစ် ခန့်ထားနိုင်သည်။

ပုဒ်မ ၄ သည် အလွန်အရေးကြီးသော ပုဒ်မတစ်ခုဖြစ်သည်။ ထိုပုဒ်မအရ (အခြားတည်ဆဲ ဥပဒေများတွင်သော်လည်းကောင်း၊ တရားဥပဒေကဲ့သို့ အာဏာရှိသော ဓလေ့ထုံးစံများတွင်လည်းကောင်း၊ မည်သို့ပင် ဆန့်ကျင်လျှက်ရှိစေကာမူ ဤအက်ဥပဒေပါ ပြဋ္ဌာန်းချက်များသည် ဗုဒ္ဓဘာသာဝင်မိန်းမနှင့် ထိုမိန်းမ၏ ဗုဒ္ဓဘာသာဝင်မဟုတ်သော လင်ယောက်ျားတိုင်းအပေါ်၌ အာဏာသက်ရောက်သည်။

ပုဒ်မ ၂၅ တွင် ခြွင်းချက်ပါရှိသည်မှာ - အကယ်၍ ဘာသာခြားယောက်ျားဖြစ်သူသည် မိမိ၏မယားကို ဘာသာရေးကြောင့် ကွာရှင်းလိုလျှင် သို့မဟုတ် ကိုယ်ထိလက်ရောက် ညှင်းပန်းနှိပ်စက်လျှင်ဖြစ်စေ၊ ရက်စက်သည့် အပြုအမူအားဖြင့် စိတ်ဆင်းရဲအောင် ပြုလုပ်လျှင်ဖြစ်စေ -
(က) ထိုယောက်ျားသည် နှစ်ဦးပိုင်ပစ္စည်းများမှ မိမိရထိုက်သော အစုကို စွန့်ရမည်။ ထို့အပြင် ထိုမိန်းမများအား လျော်ကြေးပေးရမည်။
(ခ) မိန်းမသည် သားသမီးအားလုံးကို ထိန်းသိမ်းခွင့်ရှိရမည်။
(ဂ) ထိုသူသည် အရွယ်မရောက်သေးသည့် ကလေးများအတွက် ကလေးစရိတ်ပေးရမည်။

အထက်ဖေါ်ပြထားသော ဥပဒေများကို ကိုးကား၍ ခြုံငုံသုံးသပ်ကြည့်မည်ဆိုလျှင် ၁၉၅၄-ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော ဥပဒေများ ရှိခဲ့သော်လည်း သက်ဆိုင်ရာအာဏာပိုင်များ၊ လူ့အဖွဲ့အစည်းများ၏ ကြည့်ရှုစောင့်ရှောက်ရန် တာဝန်ဝတ္တရားများ ပျက်ကွက်ခဲ့ကြ၍ ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးများအတွက် လူအခွင့်အရေးများ များစွာဆုံးရှုံးနစ်နာနေသည်ကို လေ့လာသိရှိရပါသည်။ သို့ဖြစ်ပါ၍ တိုင်းပြည်အုပ်ချုပ်ကြသော နိုင်ငံခေါင်းဆောင်များအနေဖြင့် ဥပဒေကဲ့သို့ ကာကွယ်စောင့်ရှောက်ရန် အင်းစိန်သံဃညီလာခံသို့ တက်ရောက်လာကြသော သံဃာတော်များ၏ သဘောဆန္ဒကို အကြံပြုတင်ပြအပ်ပါသည် သံဃာတော် အရှင်သူမြတ်တို့ဘုရား။

(ဥပဒေဆိုင်ရာ အနှစ်ချုပ်လျှောက်ထားလွှာ)
========================
ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးများအတွက် လက်ထက်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေများရှိသော်လည်း ထိုဥပဒေအတိုင်း လိုက်နာဆောင်ရွက်မှုများ ပျက်ကွက်နေကြ၍ ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးများအတွက် လူ့အခွင့်အရေးများ များစွာဆုံးရှုံးနေသည်ကို တွေ့မြင်ကြရသည်။ ထို့ကြောင့် ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အာဏာကို ထုတ်ပြန်၍ အမျိုးသမီးအခွင့်အရေးများ အပြည့်အ၀ရရှိစေနိုင်ရန်နှင့် အမျိုး ဘာသာ သာသနာကို စောင့်ရှောက်နိုင်ရန် မြန်မာအမျိုးသမီးများ လက်ထက်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေအနှစ်ချုပ်ကို တင်ပြပါသည် အရှင်သူမြတ်တို့ဘုရား။

ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးတစ်ယောက်သည် အခြားဘာသာသို့ ကူးပြောင်းပြီး ထိုဘာသာ၏ ထုံးတမ်းအရ ထိမ်းမြားခြင်းမပြုလျှင် ထိမ်းမြားလက်ထပ်မှု တရားမ၀င်ပေ၊ တည်မြဲခိုင်မာခြင်းမရှိ ဟု စီရင်ထုံး ဟောင်းများတွင် တွေ့ရသည်။

1954-ခုနှစ် အထူးအက်ဥပဒေသည် ဗုဒ္ဓဘာသာဝင်မိန်းမတို့ တရားဝင်ထိမ်းမြားပြီး မယားအဖြစ် အသိအမှတ်ပြု၍ အခြားဘာသာဝင် မယားများရှိလျှင် မြန်မာ့ဓလေ့ထုံးတမ်းတရားဥပဒေအရ တန်းတူရည်တူ လင့်အမွေကို ဆက်ခံနိုင်ခွင့်ရှိသည်။ တရားဝင်မယားပြိုင်ဖြစ်ပေ၏။ အထူးအက်ဥပဒေကပေးသော အခွင့်အရေးကို တရားရုံးက ပယ်နှုတ်၍ မရ၊ လင်ဖြစ်သူ၏ သေတမ်းစာဖြင့် ဖျက်၍မရ၊ အပြည့်အ၀ ခံစားရမည်သာ ဖြစ်သည်။
ဘာသာခြားနှင့် ထိမ်းမြားရေး
ဓမ္မသတ်များကသော်လည်းကောင်း၊ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေကသော်လည်းကောင်း၊ မြန်မာဗုဒ္ဓဘာသာတစ်ယောက်အား အခြားဘာသာဝင်များနှင့် ထိမ်းမြားမှုကို ပိတ်ပင်မထားပေ။ သို့သော် အချို့ ဘာသာဝင်များက အခြားဘာသာဝင်များနှင့် ပေါင်းသင်းနေထိုင်ခဲ့သော မြန်မာအမျိုးသမီးများသည် မိမိ၏ ဘာသာကို စွန့်ပစ်ပြီး ယောက်ျား၏ဘာသာသို့ ပြောင်းဝင်ကာ ဘာသာခြား၏ဥပဒေအရ ထိမ်းမြားမှသာ တရားဝင်မယားဖြစ်လေသည်။ ထိုသို့မပြုလျှင် လင်မယားကွာရှင်းလျှင်ဖြစ်စေ၊ လင်သေဆုံးသည့်အခါ ဖြစ်စေ၊ မိမိတို့သည် အမွေခွဲဝေသောအခါ ဖြစ်စေ၊ အပျော်မယားအဖြစ်ရောက်၍ သားသမီးများမှာလည်း တရားမ၀င် သားသမီးများ ဖြစ်နေကြရလေသည်။

ပုဒ်မ ၂၁။ ။(၁) ဗုဒ္ဓဘာသာဝင်မိန်းမတစ်ဦးနှင့် ဗုဒ္ဓဘာသာဝင်မဟုတ်သည့် ယောက်ျားတစ်ဦးတို့သည် မိမိတို့၏ ထိမ်းမြားခြင်းကို မှတ်ပုံမတင်ဘဲ ပေါင်းဖက်လျှက်ရှိလျှင်၊ ထိုအကြောင်းကို မိန်းမနေထိုင်ရာ ဒေသတွင် စီရင်ပိုင်ခွင့် အာဏာရှိသည့် မှတ်ပုံတင်အရာရှိထံ၊ ထိုမိန်းမကဖြစ်စေ၊ ထိုမိန်းမ၏အမိက၊ သို့မဟုတ် အဘက၊ သို့တည်းမဟုတ် အုပ်ထိန်းသူက ဖြစ်စေ၊ အခြားဆွေးမျိုးတော်စပ်သူ တစ်ဦးဦးက ဖြစ်စေ သတင်းပေးနိုင်သည်။ မှတ်ပုံတင် အရာရှိသည် သတင်းပေးချက်ကို ရေးမှတ်ထားရမည်။ သို့တည်းမဟုတ် ရေးမှတ်ထားစေရမည်။ ထို့အပြင် ထိုသို့ ရေးမှတ်ထားသည့် သတင်းပေးချက်အားလုံးကို သတင်းပေးသူက လက်မှတ်ရေးထိုးရမည်။

(၂) ထို့နောက် မှတ်ပုံတင်အရာရှိသည် ထိုဗုဒ္ဓဘာသာဝင်မိန်းမနှင့် ဗုဒ္ဓဘာသာဝင်မဟုတ်သော ယောက်ျားတို့ကို မိမိချိန်းဆိုသည့် နေ့ရက်တွင် မိမိထံ လာရောက်ရန် ဆင့်ခေါ်ရမည်။ ထိုသူနှစ်ဦးလုံးက မိမိတို့၏ ထိမ်းမြားခြင်းကို မှတ်ပုံတင်လိုလျှင် မှတ်ပုံတင်အရာရှိသည် ပုဒ်မ ၁၅ အရ လိုအပ်သည့်အတိုင်း ထိုသူတို့ကို မိမိက ထိမ်းမြာပေးဘိသကဲသို့ ပုဒ်မ ၁၆ နှင့် ၁၇ တွင် သတ်မှတ်ထားသည့်အတိုင်း ဆောင်ရွက်ရမည်။ အကယ်၍ တစ်ဦးဦးက ဖြစ်စေ၊ နှစ်ဦးလုံးက ဖြစ်စေ၊ မိမိတို့၏ ထိမ်းမြားခြင်းကို မှတ်ပုံမတင်လိုလျှင်၊ သို့တည်းမဟုတ် မလာရောက်လျှင် မှတ်ပုံတင်အရာရှိသည် ပုဒ်မ ၁၁ တွင် ရည်ညွှန်းထားသည့် စီရင်ပိုင်ခွင့်အာဏာအရ တရားရုံးသို့ ရေးမှတ်ထားသည့် သတင်းပေးချက်နှင့်တကွ အစီရင်ခံစာ ပေးပို့ရမည်။

(၃) အခြားတည်ဆဲ တရားဥပဒေများတွင် မည်သို့ပင်ပါစေကာမူ ထိုတရားရုံးသည် အစီရင်ခံစာ ရရှိသောအခါ ထိုအမှုသည် နည်းလမ်းတကျစွဲဆိုသည့် တရားမမှု ဖြစ်ဘိသကဲ့သို့ ပုဒ်မ ခွဲ (၄) တွင် ဖေါ်ပြထားသည့် နှစ်ဘက်အမှုသည်များကိုလည်းကောင်း၊ ထိုသူတို့ တင်ပြသည့် သက်သေခံချက်ကိုလည်းကောင်း၊ အကျဉ်းချုပ်အားဖြင့် စစ်ဆေးကြားနာပြီးနောက် ထိုမိန်းမနှင့် ထိုယောက်ျားတို့သည် ပုဒ်မ ၂၀၊ ပုဒ်မခွဲ (၁)၏ အဓိပ္ပါယ်အရ လင်မယား ဟုတ်မဟုတ် ဆုံးဖြတ်ရမည့်အပြင်၊ ဆုံးဖြတ်သည့်အတိုင်း အမိန့်ချမှတ်ရမည်။ တရားရုံးသည် စရိတ်နှင့် စပ်လျဉ်း၍ မိမိသင့်တော်သည် ထင်မြင်သည့်အမိန့်ကို ချမှတ်နိုင်သည်။

အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး

 ဦးဆောင်ဆရာတော်များအဖွဲ့ (၂၇.၆.၂၀၁၃)

No comments:

Post a Comment