Tuesday, October 14, 2014

ကချင်ပြည်နယ်က သက်တော်ရှည် အဓိပတိဆရာတော်ကြီး၏ မွေးနေ့ပူဇော်ပွဲကို တန်ဆောင်မုန်းလဆန်း (၁)ရက်နေ့တွင် ကျင်းပမည်

မြန်ပြည်မြောက်ပိုင်း ကချင်ပြည်နယ်က အဓိပတိ သက်တော်ရှည် ၀န်းသိုကျောင်းဆရာတော်ဘုရားကြီး၏ သက်တော်(၈၉)နှစ်ပြည့် မွေးနေ့-၀ိဇာတပူဇော်ပွဲကို နှစ်စဉ်ကျင်းပမြဲဖြစ်သည့် တန်ဆောင်မုန်းလဆန်း(၁)ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဟု သိရှိရပါသည်။

ဆရာတော်ကြီးသည် ကျွန်တော်တို့ ကချင်ပြည်နယ်ရဲ့ အဓိပတိ ဆရာတော်ကြီးဖြစ်သလို ကချင်ပြည်နယ်ရဲ့ ပြယုဂ်တစ်ခုလည်း ဖြစ်ပါတယ်၊ မြန်ပြည်မြောက်ပိုင်း-ကချင်ပြည်နယ်၊ မြို့ပေါ်၊ မြစ်ရိုး၊ မြေပြန့်နှင့် သံလမ်းရိုးတစ်လျှောက်မှာ နေထိုင်ကြတဲ့ ဗုဒ္ဓဘာသာဝင်များနှင့် ဒေသခံရှမ်းမျိုးနွယ်စုများ လေးစားကြည်ညိုကြပြီး အားကိုးအားထားပြုကြသော ဆရာတော်ကြီးလည်း ဖြစ်ပါတယ်။ ဆရာတော်ကြီးရဲ့ မွေးနေ့-၀ိဇာတပူဇော်ပွဲကို နှစ်စဉ် တန်ဆောင်မုန်းလဆန်း(၁)ရက်နေ့မှာ ကျင်းပလာခဲ့တာ (၁၃)ကျော်ခန့်ရှိပြီဖြစ်တယ်၊ ကချင်ပြည်နယ်နှင့် မြန်မာနိုင်ငံရဲ့ အနယ်နယ်အရပ်ရပ်မှာ ရှိကြတဲ့ ဆရာတော်ကြီး၏ တပည့်သံဃာတော်များနှင့် တပည့်ဒါယကာ/မများ လာရောက်ပူဇော်ကြပြီး ရိုးရာအကများဖြင့် စည်ကားသိုက်မြိုက်စွာ ပူဇော်ကျင်းပကြတာလည်း ဖြစ်ပါတယ်လို့ မွေးနေ့ပူဇော်ပွဲ ဖြစ်မြောက်ရေးကော်မတီဝင် သံဃာတစ်ပါးက မိန့်ကြားပါသည်။

မြန်ပြည်မြောက်ပိုင်း၊ ကချင်ပြည်နယ်က နိုင်ငံတော်သြ၀ါဒါစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ၊ ကချင်ပြည်နယ် အဓိပတိ၊ မြစ်ကြီးနားမြို့၊ ဓမ္မရက္ခိတ၀န်းသိုကျောင်းတိုက် မဟာပဓာနနာယက၊ ပြင်ဦးလွင်မြို့နယ်၊ (၂၁)မိုင် မဟာဗောဓိသတ္တဋ္ဌာနဘုရား နာယကအဖွဲ့ချုပ်၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မြင်းဝန်မင်းကြီးကျောင်းတိုက်၊ အလယ်တိုက်ကျောင်းတော်ကြီး၊ ပြည်လုံးအံ့ကျောင်း၊ ပိဋကတ်ကျောင်း၊ သီရိမင်္ဂလာကျောင်း၊ သီရိရတနာကျောင်းတို့၏ ဦးစီးမဟာနာယကဆရာတော်ကြီးဖြစ်တော်မူသော အဆိုပါ ၀န်းသိုကျောင်းဆရာတော်ဘုရားကြီး၏ သက်တော်(၈၉)နှစ်ပြည့် ၀ိဇာတ-မွေးနေ့ပူဇော်ပွဲကို ၁၃၇၆-ခု၊ တန်ဆောင်မုန်းလဆန်း(၁)ရက်၊ (၂၃.၁၀.၂၀၁၄) သောကြာနေ့တွင် ဒေသခံ ရိုးရာအကများဖြင့် ပူဇော်ခြင်း၊ ဗုဒ္ဓအနုပညာ ပြခန်းများ ပြသခြင်း၊ ဆရာတော်ကြီး၏ ဘ၀ပုံရိပ်နှင့် သြ၀ါဒများကို ပြခန်းများဖြင့် ပြသခြင်း၊ မြစ်ကြီးနားမြို့၊ရွှေတောင်မွေ့ယာက သိက္ခာထပ်မင်္ဂလာ ကျင်းပခြင်း၊ ပြည်နယ်အစိုးရ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် အနယ်နယ်အရပ်ရပ်က လာရောက်ကြသော မိဘပြည်သူ ပရိသတ်များက စုပေါင်းကန်တော့ကြခြင်းဖြင့် ပူဇော်ကျင်းပတာဖြစ်ပြီး အနယ်နယ် အရပ်ရပ်က ပရိတ်သတ် (၂၀၀၀၀)၀န်းကျင်လောက် တက်ရောက်ကြမည်လို့လည်း သိရှိရပါသည်။

No comments:

Post a Comment