သျှမ်းမျိုးနွယ်စုရေးရာအဖွဲ့ ဥက္ကဋ္ဌ ဦးစိုင်းထွန်းရင် ဖဲကြိုးဖြတ် ဖွင့်လှစ်နေစဉ် |
မြန်ပြည်မြောက်ပိုင်း၊ ကချင်ပြည်နယ်တွင်
နေထိုင်ကြတဲ့ တိုင်းလိုင်၊ တိုင်းလေ၊ တိုင်းလုံ၊ တိုင်းဆာ၊ တိုင်းခန္တီစတဲ့ သျှမ်းမျိုးနွယ်စုတွေဟာ
နတ်တော်လဆန်း(၁)ရက်နေ့မှာ ၂၁၀၉-ခုနှစ်၊ နှစ်သစ်သို့ ကူးပြောင်းတဲ့ သျှမ်းနှစ်သစ်ကူးပွဲတော်ကို
၂၀၁၄-ခုနှစ်၊ နိုဝင်ဘာလ(၂၁)ရက်နေ့ညတွင် မြစ်ကြီးနား၊ ၀ိုင်းမော်၊ ခက်ချို၊ ဆင်ဘို၊
အင်းတော်ကြီး၊ မိုးကောင်းစတဲ့ မြို့ရွာတွေမှာ ရပ်ကွက်ကျေးရွာအလိုက် စုပေါင်းကျင်းပခဲ့ကြပြီး
ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု၊ မှော်စီစာကျေးရွာမှာတော့ ခရိုင်အဆင့် သျှမ်းနှစ်သစ်ကူးပွဲတော်ကို
ဒုတိယအကြိမ် စည်စည်ကားကား ကျင်းပတာဖြစ်ပေမယ့် နယ်မြေလုံခြုံရေးအရ ပြည်နယ်ဝန်ကြီးချုပ်က
ခွင့်ပြုမိန့်မရတာကြောင့် ကချင်ပြည်နယ် သျှမ်းတိုင်းရင်းသားရေးရာဝန်ကြီး တက်ရောက်ခွင့်မရခဲ့ဘူးလို့
သိရပါတယ်။
ဖားကန့်မြို့နယ်၊ မှော်စီစာမှာ ကျင်းပတဲ့
သျှမ်းနှစ်သစ်ကူးပွဲတော်ကို နိုဝင်ဘာလ(၂၁)ရက်နေ့ ညနေ (၅)နာရီခန့်တွင် သျှမ်းမျိုးနွယ်စုများရဲ့
ရိုးရာအကများ၊ စိုင်းအောင်ထီးခမ်း၊ စိုင်းအဲန်၊ နန်းမွေဖောင်၊ နန်းဟွမ်နွမ်း၊ မြင့်မိုရ်အောင်စတဲ့
သျှမ်းနာမည်ကြီး အဆိုတော်များဖြင့် စတင်ဖွင့်လှစ်ခဲ့ကြပြီး ၄င်းည(၁၂)နာရီအချိန်မှာတော့
ရိုးရာမီးပုံပွဲအကများဖြင့် ၂၁၀၉-ခုနှစ် သျှမ်းနှစ်သစ်ကို ကြိုဆိုကူးမြောက်ခဲ့ကြတာပါ၊
ဖားကန့် မှော်စီစာမှာ သျှမ်းနှစ်သစ်ကူးပွဲတော်
ကျင်းပရတဲ့အကြောင်းကိုတော့ ပွဲတော်ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးထွန်းလှိုင်က “နှစ်စဉ်နှစ်တိုင်း
ပြုလုပ်လေ့ရှိတဲ့ ရိုးရာယဉ်ကျေးမှုကို ဆက်လက်ထိန်းသိမ်းတဲ့အနေနဲ့ ပြုလုပ်တာပါ၊ ကချင်ပြည်နယ်မှာနေတဲ့
သျှမ်းမျိုးနွယ်စု(၅)မျိုးကို ကိုယ်စားပြုတဲ့ ပွဲပါ၊ ဖားကန့်မြို့နယ်က မှော်ပေါင်း(၁၂)မှော်၊
ကျေးရွာအုပ်စုပေါင်း (၆)အုပ်စုမှ စုပေါင်းအင်အားဖြင့် ပြုလုပ်ပါတယ်၊ သျှမ်းနှစ်သစ်ကူးပွဲတော်ကို
ဒီလိုစုပေါင်း ပြုလုပ်ခြင်းအားဖြင့် သျှမ်းမျိုးနွယ်စုများကြား ချစ်ကြည်ရင်းနှီးမှု၊
စုပေါင်း ဆောင်ရွက်တဲ့ အလေ့အထနဲ့ ရိုင်းပင်းကူညီမှုတွေ အားကောင်းလာမယ်၊ သျှမ်းဆိုတဲ့
အမျိုးသားခံယူမှု စိတ်ဓါတ်တွေ မြင့်မားလာစေတယ်”လို့ ပြောဆိုပါတယ်။
“မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်မှာတော့
ခရိုင်အဆင့်အနေနဲ့ ကျင်းပတာကြောင့် အကြီးကျယ်ဆုံးလို့ ပြောလို့ရတယ်၊ ပြည်နယ်အဆင့်ထိ
ကျင်းပနိုင်အောင် ကြိုးစားလုပ်ဆောင်သွားဖို့လည်း ရှိပါတယ်၊ အရင်ကတော့ နယ်မြေလုံခြုံရေးနှင့်
နိုင်ငံရေးအခြေအနေတွေအရ သျှမ်းနှစ်သစ်ကူးပွဲတော်တွေကို ကျင်းပခွင့် မရခဲ့ပါဘူး၊ အခုလည်း
လုံခြုံရေးအရ သျှမ်းဝန်ကြီး မတက်ရောက်နိုင်ပါဘူး၊
သျှမ်းနှစ်သစ်ကူးပွဲတော် ကျင်းပခါနီးထိ ဆက်ကြေးကောက်တာတွေ၊ တပ်သားသစ် စုဆောင်းခံရတာတွေ၊
တိုက်ပွဲတွေဖြစ်နေတာတွေ တွေ့ရပါတယ်၊ ဦးကြီးတို့က ငြိမ်းချမ်းလုံခြုံစွာနဲ့ သျှမ်းနှစ်သစ်ကူးပွဲတော်ကြီးကို
ကျင်းပချင်တာပါ၊ ဒါကြောင့် ယမ်းငွေ့ဆဲတဲ့ ငြိမ်းချမ်းရေးနယ်မြေကြီးကို အမြန်ဆုံး ဖေါ်ဆောင်ကြပါလို့
KIA နဲ့ ငြိမ်းချမ်းရေးတာဝန်ရှိပုဂ္ဂိုလ်များကို တိုက်တွန်းပါတယ်”လို့ မြန်ပြည်မြောက်ပိုင်း၊
(S.E.A)သျှမ်းမျိုးနွယ်စုရေးရာအဖွဲ့ ဥက္ကဋ္ဌ ဦးစိုင်းထွန်းရင်က ပြောဆိုပါတယ်။
နိုဝင်ဘာလ(၂၂)ရက်နေ့ နံနက်(၇)နာရီအချိန်မှာတော့
မြန်ပြည်မြောက်ပိုင်း၊ သျှမ်းမျိုးနွယ်စုရေးရာအဖွဲ့ ဥက္ကဋ္ဌ ဦးစိုင်းထွန်းရင်နှင့် ကချင်ပြည်နယ်
သျှမ်းရေးရာဝန်ကြီးမှ ပေးပို့သော သ၀ဏ်လွှာ၊ ဟောပြောဖတ်ကြားမှုများဖြင့် သျှမ်းနှစ်သစ်ကူးပွဲတော်
ပိတ်ပွဲအခမ်းအနားကို ကျင်းပခဲ့ကြပြီး မြန်ပြည်မြောက်ပိုင်း၊ သျှမ်းမျိုးနွယ်စုရေးရာအဖွဲ့၊
တပ်မမှူး၊ ဗျူးဟာမှူးနှင့် ဒေသဆိုင်ရာများလည်း တက်ရောက်ခဲ့ကြတာပါ၊ သျှမ်းမျိုးနွယ်စု
ရိုးရာအကအလှများနှင့် သီဆိုဖျော်ဖြေမှုများကိုတော့ နိုဝင်ဘာလ (၂၄)ရက်နေ့အထိ ကျင်းပသွားမှာဖြစ်တယ်လို့လည်း
သိရပါတယ်။
No comments:
Post a Comment