Saturday, May 25, 2013

အစိုးရနှင့် KIA ငြိမ်းချမ်းရေး ဆွေးနွေးမည့်ကိစ္စနှင့် ပက်သက်၍ ပြည်နယ်တွင်း ရှမ်းတိုင်းရင်းသားမျိုးနွယ်စုခေါင်းဆောင်များ၏ သဘောထားနှင့် အကြံပြုစာ ထုတ်ပြန်

ပြည်ထောင်စု ငြိမ်းချမ်းရေး အဖွဲ့သို့ အကြံပြုစာ


မေလ(၂၈)ရက်နေ့၊ မြစ်ကြီးနားမြို့၌ ပထမဦးဆုံးအကြိမ်စတင်ပြုလုပ်မည့် ငြိမ်ချမ်းရေးဆွေးနွေးပွဲနှင့် ပက်သက်၍ မြစ်ကြီးနား၊ ၀ိုင်းမော်၊ ခက်ချို၊ မိုင်းနား၊ တာလောကြီး၊ မိုးညင်း၊ မိုးကောင်း၊ ဗန်းမော်၊ မိုးမောက်၊ မန်စီ၊ ရွှေကူမှ ရှမ်းတိုင်းရင်းသားမျိုးနွယ်စုခေါင်းဆောင်များ (၂၅.၅.၂၀၁၃)နေ့တွင် မြစ်ကြီးနားမြို့၌ ဆွေးနွေးကာ သဘောထားထုတ်ပြန်မှုနှင့်အတူ အကြံပြုတောင်းဆိုချက်များ တင်ပြသွားမည်လို့ သိရပါသည်။ 

အဆိုပါ သဘောထားထုတ်ပြန်မှုနှင့်အကြံပြုတောင်းဆိုချက် (၅)ချက်မှာ
၁။       ငြိမ်းချမ်းရေး ဆွေးနွေးမည့် နှစ်ဖက်အဖွဲ့အစည်းတို့သည် ဒေသခံပြည်သူတို့၏ ခံစားနေရသော ဒုက္ခများကို အလေးထားကာ ထာဝရငြိမ်းရေးရရှိအောင် ညှိနှိုင်းဆောင်ရွက်ပေးကြရန်။

၂။       ငြိမ်းချမ်းရေး သဘောတူညီမှုများ ချမှတ်ရာတွင် ကချင်တောင်တန်းဒေသနေ ကချင်လူမျိုးစုများ၏ အကျိုးအတွက်သာ မကြည့်ဘဲ ပြည်နယ်တွင်းနေ ကချင်လူမျိုးစု မဟုတ်သော ဒေသခံတိုင်းရင်းသား လူမျိုးစုများ၏ အကျိုးစီးပွားနှင့် သဘောဆန္ဒကိုလည်း အလေးထား၍ တန်းတူညီမျှ ချမှတ်ပေးရန်။

၃။       KIA/KIO အဖွဲ့အစည်းများသည် ဒေသခံတိုင်းရင်းသားလူမျိုးစု ပြည်သူများအား အတင်းအဓမ္မ စစ်သားစုဆောင်းဖမ်းဆီးခြင်း၊ လယ်ယာခြံလုပ်ကိုင်မှုများတွင် နှောင့်ယှက်ဖျက်ဆီးခြင်း၊ ဆက်ကြေးတောင်းခြင်း မပြုလုပ်ရန်။

၎။       KIA မှဖမ်းဆီးထားသော တိုင်းရင်းသားလူမျိုးစု ပြည်သူများကို  ယင်းတို့၏ သဘောဆန္ဒအတိုင်း လွတ်လပ်စွာ ရွေးချယ်ရပ်တည်ခွင့်ပေးရန်။

၅။       တိုင်းရင်းသားလူမျိုးစုများ၏ အခွင့်အရေးနှင့်ပက်သက်သော ကုလသမဂ္ဂကြေငြာစာတမ်းကို လေးစားလိုက်နာပေးရန်တို့ ဖြစ်တယ်လို့ ဦးစိုင်းထိန်လင်းက ပြောပါတယ်။


          ဆက်လက်ပြီး ဦးစိုင်းထိန်လင်းက-(အစိုးရနှင့် KIA လက်ကိုင်ပဋိပက္ခ ဆွေးနွေးတဲ့အခါမှာ ကချင်နဲ့ပဲ ဦးတည်ပြီး သွားတဲ့အခါကျတော့ ကချင်ပြည်နယ်ထဲမှာ ရှိတဲ့ မြစ်ရိုးမြေပြန့်ဒေသရှိ ရှမ်းများရဲ့အရေးကိစ္စ ထည့်သွင်းစဉ်းစားတာ မရှိတဲ့အခါကျတော့ ကျွန်တော်တို့ လူမျိုးရဲ့ အခွင့်အရေးနှင့် ရပိုင်ခွင့်ကို တင်ပြနိုင်ဖို့ စည်းဝေးရခြင်းဖြစ်ပါတယ်။
ကချင်ပြည်နယ်ထဲမှာ သွတ်သွင်းခံထားရတဲ့ ကျွန်တော်တို့လူမျိုးတွေဟာ ငြိမ်းချမ်းရေး ပျက်ပြားပြီးအခါမှာ အေးအေးချမ်းချမ်းမနေရဘဲ စီးပွားရေး လူမှုရေး ပညာရေး အစစအရာရာ နိမ့်ကျနေတယ်ဆိုတာ နိုင်ငံနဲပြည်သူ အများသိနေပါတယ်၊ အထူးပြောနေစရာ မလိုပါဘူး။ အခုလမ်းတံတားပျက်ဆီးခဲ့တဲ့ ကိစ္စတွေဟာ ကချင်တောင်းတန်းဒေသ ကချင်တွေရဲ့နေရာဒေသမဟုတ်ဘဲနဲ့ မဟုတ်ဘဲနဲ့ ကျွန်တော်တို့ ရှမ်းတွေရဲ့ဒေသတွေဖြစ်ပါတယ်။
ကချင်ပြည်နယ်ငြိမ်းချမ်းရေးနှင့် ပက်သက်ပြီးဆွေးနွေးမယ်ဆိုရင် ကချင်သာလျှင် အဓိကမကျပဲနဲ့ ကျွန်တော်တို့ ဒီအိမ်ထဲမှာ အတူနေကြတဲ့ မင်းပြည်ထောင် ဘိုးဘွားအစဉ်အဆက်က ခုချိန်ထိ တစဉ်တဆက်ထဲ နေလာခဲ့ကြတဲ့ လူမျိုးကြီးတစ်ခုအနေနဲ့ တန်းတူအခွင့်အရေး ပေးဖို့ တောင်းဆိုတင်ပြရခြင်းဖြစ်ပါတယ်။
ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ကချင်နဲ့ဦးတည်သွားရတဲ့ သဘောမဟုတ်ဘဲနဲ့ ကချင်ပြည်နယ်တွင်းမှာရှိတဲ့ ရှမ်းအပါဝင် တခြားတိုင်းရင်းသားတွေကို ထည့်သွင်းစဉ်းစားပြီး ဆွေးနွေးမှ ညီမျှမယ်လို့ ယူဆပါတယ်။ သီးခြား သူများထက်ပိုတဲ့ အခွင့်အရေးတောင်းဆိုတဲ့ သဘောလည်း ကျွန်တော်တို့မရှိပါဘူး။ ကချင်အနေနဲ့ ဗမာနဲ့ တန်းတူညီမျှရေး တောင်းဆိုသလို ကချင်ပြည်နယ်မှာလဲ ကချင်မျိုးနွယ်စုများအနေနဲ့ ကျွန်တော်တို့ဒေသခံ ရှမ်းအမျိုးတွေပေါ်မှာ နိုင်ငံရေး စီးပွားရေး လူမှုရေး လွှမ်းမိုးကြီးစိုးတဲ့ ပုံစံမျိုး မရှိအောင် လိုလားပါတယ်) လို့ ပြောပြပါသည်။

No comments:

Post a Comment