Saturday, May 25, 2013

အစိုးရနှင့် KIA တို့ မြစ်ကြီးနားမြို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အောင်မြင်ဖို့ ရောင်ခြည်လမ်းစ မမြင် ဒေသခံတိုင်းရင်းသားများသည်သာ ဆက်လက်ဒုက္ခ ရောက်နေဖို့ အရိပ်အယောင် မြင်တွေ့နေရ


၂၀၁၃-ခုနှစ်၊ မေလ(၂၈)ရက်နေ့တွင် မြစ်ကြီးနားမြို့မှာ ပထမဦးဆုံးအကြိမ်ဆွေးနွေးမည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသည် (၂၈)ရက်မတိုင်မှီ နှစ်ဘက်သော အစိုးရနှင့် KIA အဖွဲ့အစည်းများအတွင်းမှ ကြားသိနေရသော သတင်းများအရ အောင်မြင်ရေး ရောင်ခြည်လမ်းစ နည်းပါးနေပါသေးသည်။ KIA ၊ ကချင်ခေါင်းဆောင်တချို့နှင့် ကချင်အတိုင်ပင်ခံ အမျိုးသားများအဖွဲ့ အသီးသီးတို့မှ ထုတ်ပြန်သော သဘောထား ကြေငြာချက်များကို ကြည့်လျှင် ပင်လုံစာချုပ်ကို အခြေခံသော ကိုယ်ပိုင် အုပ်ချုပ် ပြဋ္ဌာန်းခွင့်ကိုသာ ဆုပ်ကိုင်၍ ဆွေးနွေးမည့် အရိပ်အယောင်များကို တွေ့မြင်နေရပါသည်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ ပြည်တွင်းလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ကုလကိုယ်စားလှယ်များ တက်ရောက်မည်ဟု သိထားရသော်လည်း ပြည်ထောင်စုငြိမ်းချမ်းရေး အဖွဲ့၏ ငြိမ်းချမ်းရေး ဆွေးနွေးမှုနှင့် ပက်သက်သော ပြောဆိုလှုပ်ရှားမှုအသံ ဆိတ်ညိမ်နေသည်ကို ထောက်ဆသောအားဖြင့် ပြည်ထောင်စု အစိုးရ ငြိမ်းချမ်းရေးအဖွဲ့မှ ငြိမ်းချမ်းရေး ဆွေးနွေးမှုနှင့် ပက်သက်၍ ကြီးမားသော အကျိုးသက်ရောက်မှုကို မျှော်လင့်အားထားမှု အရှိန်အဟုန်မရှိ၊ အားတက်သရောမရှိလှသည်ကို တွေ့မြင်နေရပါသည်။ အကြိမ်ကြိမ် ဆွေးနွေးခဲ့ပြီးသော အကြောင်းအရာများကိုသာ ထပ်မံဆွေးနွေးနေလိမ့်မည်ဟု ခန့်မှန်းရပါသည်။ အစိုးရနှင့် KIA နှစ်ဖွဲ့လုံးတို့သည် မိမိတို့ ဆုပ်ကိုင်ထားခဲ့ပြီးသော မူဝါဒလမ်းစဉ်များကိုသာ ဆက်လက် ဆုပ်ကိုင်ထားဖို့ ရှိနေကြပါသည်။
အသွင်ကူးပြောင်းကာလ ဖြစ်သော အစိုးရအဖွဲ့သည် နိုင်ငံတကာက လက်ခံလာနိုင်သော အပြောင်းအလဲများကို ပြုလုပ်လာလာသော်လည်း KIA ကချင်လက်နက်ကိုင်အဖွဲ့ကို အခြားသူများထက်ပို၍ အခွင့်အရေး ဖြေလျှော့ပေးရန် ခက်ခဲနေပါလိမ့်မည်။ ကချင်ပြည်နယ်အတွင်းမှာ KIA တောင်းဆိုသော ကိုယ်ပိုင် ပြဋ္ဌာန်း အုပ်ချုပ်ပိုင်ခွင့်ကို မလိုလား သော ရှမ်း၊ ဗမာစသော တိုင်းရင်းသားလူမျိုးစုများ အမြောက်အများ ရှိနေခြင်းကလည်း KIA၏ ဆုပ်ကိုင်ရပ်တည်နေသော မူဝါဒကို အဟန့်အတားဖြစ်နေစေပါသည်။ ကချင်လူမျိုးစုများ တောင်းဆိုနေသော ကိုယ်ပိုင် ပြဋ္ဌာန်း အုပ်ချုပ်ပိုင်ခွင့်ပေးရန် ကချင်နယ်မြေ သတ်မှတ်ခြင်း စသော အရှုပ်အထွေးသည်လည်း ဗိုလ်ချုပ်အောင်ဆန်း လက်ထက်စဉ်ကတည်းက ဖြစ်ခဲ့သော ကိစ္စဖြစ်လို့ ဗိုလ်ချုပ်သည် မူအားဖြင့်သာ လက်ခံ၍ တိုင်းပြုပြည်ပြု လွှတ်တော်သို့ တင်ပြရန်သာ ဆုံးဖြတ်ခဲ့ဖူးပါသည်။ KIA ကချင်လူမျိုးစုများ တောင်းဆိုနေသော ကိုယ်ပိုင် ပြဋ္ဌာန်း အုပ်ချုပ်ပိုင်ခွင့် ဆိုတာကို ပြည်ထောင်စု အစိုးရနှင့် မဆွေးနွေးဘဲ ကချင်ပြည်နယ်အတွင်းရှိ ရှမ်းဗမာစသော တိုင်းရင်းသား လူမျိုးစုများနှင့်သာ အရင်ဆွေးနွေးသင့်သည်ဟု ထင်မြင်ပါသည်။ နှစ်ဘက်သော KIA နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး အဖွဲ့တို့သည် တကယ်လက်တွေ့ခံစားနေရသော ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူမျိုးစုများ၏ ဆင်းရဲဒုက္ခများနှင့် တိုင်းရင်းသားလူမျိုးစုအားလုံး၏ အရေးကိုထည့်သွင်းစဉ်းစား၍ ပီပြင်သော အပစ်အခက်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး လမ်းစဉ်ကို ရှေးရှုဆွေးနွေးသင့်ပါသည်။ ငြိမ်ချမ်းရေး ခေါင်းစဉ်အောက်မှာ မိမိတို့၏ မူဝါဒများကိုသာ ဆုပ်ကိုင်ဆွေးနွေးနေခြင်းသည် ဒေသခံ တိုင်းရင်းသားလူမျိုးစု အားလုံး၏ ဆင်းရဲဒုက္ခကို လျစ်လျူရှုသကဲသို့ ဖြစ်နေခြင်းကြောင့် အဓိကနာမည်တပ်၍ ဆွေးနွေးနေသော ငြိမ်းချမ်းရေး ခေါင်းစဉ်နှင့် သွေဖည်နေပါလိမ့်မည်။
နှစ်ဘက်သော KIA နှင့် အစိုးရ အဖွဲ့အစည်းတို့သည် မိမိတို့၏ မူဝါဒများကို ဒေသခံတိုင်းရင်းသားလူမျိုးစုအားလုံးနှင့် ဆီလျော်အံဝင်အောင် ဖြေလျှော့စဉ်းစား၍ ဆွေးနွေးမှု မပြုလျင် ဒေသခံ တိုင်းရင်းသား လူမျိုးစုများသည်သည်သာ ဆက်လက်ဒုက္ခရောက်နေဖို့ ရှိပါတော့သည်။

No comments:

Post a Comment