Tuesday, July 9, 2013

၁၉၅၄-ခုနှစ်၊ ဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေ (တစေ့တစောင့်)


၁၉၅၄-ခုနှစ်၊ ဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေ ပြဋ္ဌာန်းခြင်း

(Burma Laws Act) မြန်မာနိုင်ငံ တရားဥပဒေများဆိုင်ရာ အက်ဥပဒေ ပုဒ်မ ၁၃-အရ ထိမ်းမြားလက်ထပ်မှု ကိစ္စများတွင် ဗုဒ္ဓဘာသာဖြစ်လျှင် ဗုဒ္ဓဘာသာ တရားဥပဒေအရ ဆုံဖြတ်သင့်သည်ဟု ပြဋ္ဌာန်းထားပေသည်၊ အမှန်စင်စစ်အားဖြင့် ဘာသာခြားယောက်ျားများနှင့် မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများလက်ထပ်ခြင်းပြုပါက မြန်မာဗုဒ္ဓဘာသာတရား ဥပဒေအရသာ အဆုံးအဖြတ်ပေးသင့်ပေထည်။ (Lex Loci Contractus) ပဋိညာဉ် ပြုရာ တိုင်းပြည်၏ တရားဥပဒေနှင့်အညီ မြန်မာနိုင်ငံ၏ တရားဥပဒေနှင့်အညီဖြစ်သော တရားမျှတမှု၊ သာနာညီမျှမှုနှင့် ကောင်းသောစေတနာ အရဖြစ်စေ၊ ဘာသာခြားနှင့် လက်ထပ်သည့် ကိစ္စများကို ဆုံးဖြတ် ပေးသင့်သော်လည်း အထက်ဖေါ်ပြပါအတိုင်း ဘာသာခြားဖြစ်သူ၏ လက်ထပ်မှုဥပဒေအရသာ ဆုံးဖြတ် ပေးခဲ့ခြင်းပြုသည်ဖြစ်ရာ နိုင်ငံအုပ်ချုပ်သူ ဘာသာခြားများ၏ ဖိနှိပ်မှုတရပ်ဟုပင် ယူဆရမည် ဖြစ်ပေသည်။

၁၈၇၂-ခုနှစ်တွင် ဘာသာမတူသူများ၏ ထိမ်မြားခွင့်အတွက် အထူးထိမ်းမြားမှုအက်ဥပဒေ (Special Marriage Act )ကို ပြဋ္ဌာန်းခဲ့သော်လည်း၊ လက်ထပ်နိုင်သည့် အရည်အချင်းကိုသာ သတ်မှတ်ပေးပြီး အခွင့်အရေးပိုင်းတွင်မူ မြန်မာဗုဒ္ဓဘာသာအတိုင်း မဟုတ်သဖြင့် မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများအတွက် နစ်နာမြဲနစ်နာခဲ့ရသည်။ ၁၉၃၂-တွင် ယင်းဥပဒေကို အနည်းငယ်မျှ ပြင်ဆင်ပေးသော်လည်း မြန်မာဗုဒ္ဓဘာသာ ဥပဒေအရ စီရင်ပိုင်ခွင့်မရှိသဖြင့် မည်သို့မျှ အကျိုးသက်ရောက်ခြင်းမရှိဖြစ်ပေသည်။ ၁၉၃၉-ခုနှစ်တွင် ပါလီမန်၌ ဦးသာဆိုင်ဆိုသူ မျိုးချစ်ပုဂ္ဂိုလ်က လက်ထပ်မှုတွင် ပြည်တွင်းတရားဥပဒေအရ ဆုံးဖြတ်သင့်ကြောင်း တင်ပြအရေးဆိုသဖြင့် ၁၉၃၉-ခု၊ မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေကို အင်္ဂလိပ်ဘာသာဖြင့် ၁-၉-၄၀ မှစ၍ အတည်ပြု ပြဋ္ဌာန်းပေးခဲ့ပေသည်။ ယင်းအက်ဥပဒေအရ လင်ဖြစ်သူ ဘာသာခြား၏ ဥပဒေအရ စီရင်ပိုင်ခွင့်မရှိတော့ပေ၊ သို့ရာတွင် ဥပဒေမှာ ဒုတိယကမ္ဘာစစ်ကြောင့် လူသိနဲပြီး မည်သို့မျှ အကျိုးသက်ရောက်အောင် အကောင်အထည်မဖော်နိုင်ဘဲ ဖြစ်ရပြန်သည်။ သို့ဖြင့် မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများအတွက် အကြောင်းအမျိုးမျိုးကြောင့် ဘာသာခြားနှင့် လက်ထပ်ကြရ ရာတွင် ဤဥပဒေ၏ အနှစ်သာရကို မသိကြရ၍ မိမိတို့၏ ဘာသာကို စွန့်လွှတ်ကြရသည်သာမက မိမိတို့၏ သားသ္မီးများပါ ဘာသာခြားများ ဖြစ်ကုန်ကြရတော့သည်။

ပြည်ထောင်စုမြန်မာနိုင်ငံသည် ၁၉၄၈-ခုနှစ်တွင် အချုပ်အခြာအာဏာပိုင် လွတ်လပ်သည့် နိုင်ငံအဖြစ် ရောက်ပြီးသည့် နောင်းပိုင်းတွင် ယခင် ၁၉၃၉-ခုနှစ်က ပြဋ္ဌာန်းခဲ့သော ဥပဒေကို ဖျက်သိမ်းပြီး မြန်မာဘာသာဖြင့် ၁၉၅၄-ခုနှစ် ဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှုအက်ဥပဒေကို အတည်ပြုပေးခဲ့လေသည်။

၁၉၅၄-ခုနှစ်၊ ဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေ
(၁၉၅၄-ခုနှစ်၊ အက်ဥပဒေအမှတ် ၃၂။)

အောက်ပါအတိုင်း အက်ဥပဒေအဖြစ် ပြဋ္ဌာန်းလိုက်သည်။

၁။ ဤအက်ဥပဒေကို ၁၉၅၄-ခုနှစ်၊ ဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေဟု ခေါ်ရမည်။

၂။ ဤအက်ဥပဒေတွင် အကြောင်းအရာနှင့်ဖြစ်စေ၊ ရှေ့နောက် စကားတို့၏ အဓိပ္ပါယ်နှင့်ဖြစ်စေ မဆန့်ကျင်လျှင်-
(က) ´ဗုဒ္ဓဘာသာဝင်မိန်းမ´ဆိုသည်မှာ ပြည်ထောင်စုမြန်မာနိုင်ငံသား ဖြစ်သည့်ပြင်၊ ဗုဒ္ဓဘာသာကိုးကွယ်သော မိန်းမကို သို့တည်းမဟုတ် ဗုဒ္ဓဘာသာကိုးကွယ်သော မိဘတို့မှမွေးဖွားသော မိန်းမကို ဆိုလိုသည်။
မှတ်ချက်။ ။သို့ရာတွင် ဗုဒ္ဓဘာသာကိုးကွယ်သော မိဘတို့မှ မွေးဖွားသော မိန်းမတဦးသည် ဤအက်ဥပဒေ စတင်အာဏာမတည်မီက အခြားဘာသာတခုခုသို့ အထင်အရှား ကူးပြောင်း၍၊ ထိုအခြားဘာသာကို ကိုးကွယ်လျက်ရှိလျှင်၊ ထိုမိန်းမသည် ဗုဒ္ဓဘာသာကိုးကွယ်သော မိဘတို့မှ မွေးဖွားသည်ဟူသော အကြောက်သက်သက်ကြောင့်၊ ဗုဒ္ဓဘာသာဝင် မိန်းမဖြစ်သည်ဟု မမှတ်ယူရ။
(ခ) ´မှတ်ပုံတင်အရာရှိ´ဆိုသည်မှာ ဤအက်ဥပဒေအရ ထိမ်းမြားမှုမှတ်ပုံတင်အရာရှိကို ဆိုလိုသည်။

၃။ (၁) ရွာသူကြီးအားလုံးသည် ဤအက်ဥပဒေအရ၊ ထိမ်းမြားမှုမှတ်ပုံတင်အရာရှိများဖြစ်ရမည်၊ နိုင်ငံတ်ာသမတသည် မိမိသင့်သော်သည် ထင်မြင်သော ပုဂ္ဂိုလ်ကို ရွာသူကြီးမရှိသည့်ဒေသအတွက် ထိမ်းမြားမှု မှတ်ပုံတင် အရာရှိအဖြစ် ခန့်ထားနိုင်သည်။ မှတ်ပုံတင်အရာရှိများအား အကြောင်းကြားစာ ပုံစံများနှင့် ထိမ်းမြားမှုသက်သေခံ မှတ်ပုံစာအုပ်များကို ပေးအပ်ထားရမည်။
(၂) မှတ်ပုံတင်အရာရှိအားလုံးသည် ပြည်သူ့ဝန်ထမ်းများဖြစ်သည်ဟု မှတ်ယူရမည်။

၎။ အခြားတည်ဆဲ တရားဥပဒေများတွင်သော်၎င်း၊ တရားဥပဒေကဲ့သို့ အာဏာရှိသော ဓလေ့ထုံးစံများတွင်သော်၎င်း၊ မည်သို့ပင် ဆန့်ကျင်လျက်ရှိစေကာမူ ဤအက်ဥပဒေပါ ပြဋ္ဌာန်းချက်များသည် ဗုဒ္ဓဘာသာဝင်မိန်းမနှင့် ထိုမိန်းမ၏ ဗုဒ္ဓဘာသာဝင်မဟုတ်သော လင်ယောက်ျားတိုင်းအပေါ်၌ အာဏာ သက်ရောက်ရမည်။

၅။ လူပျိုဘော်ဝင်ပြီးဖြစ်သည့် ဗုဒ္ဓဘာသာဝင်မဟုတ်သော ယောက်ျားတဦးနှင့် အသက် ၁၄-နှစ်အောက် မငယ်သည့် ဗုဒ္ဓဘာသာဝင် မိန်းမတဦးတို့သည် ဤအက်ဥပဒေအရ ထိမ်းမြားနိုင်သည်။ သို့ရာတွင်-
(က) နှစ်ဦးလုံးမှာ စိတ်ပေါ့သွပ်သူများ မဖြစ်စေရ။
(ခ) အသက် ၂၀ မပြည့်သေးသည့် မိန်းမဖြစ်လျှင် မိဘ၏သဘောတူချက်ကိုသော်၎င်း၊ မိဘတို့သေဆုံးပါမူ အမှန်အုပ်ထိန်းသူ၊ သို့တည်းမဟုတ် တရားဥပဒေအရ အုပ်ထိန်းသူရှိလျှင် ထိုအုပ်ထိန်းသူ၏ သဘောတူချက်ကိုသော်၎င်း ရရှိပြီး ဖြစ်ရမည်။
(ဂ) မိန်းမမှာ မပြတ်စဲသော တရားဝင်လင်ယောက်ျား မရှိစေရ။

၆။ ဗုဒ္ဓဘာသာဝင် မဟုတ်သည့် ယောက်ျားတဦးနှင့် ဗုဒ္ဓဘာသာဝင် မိန်းမတဦး ထိမ်းမြားရန် ကြံရွယ်သည့် အခါ မိမိတို့တဦးဦး ၁၄-ရက်ထက်မနည်း နေထိုင်လျက်ရှိသည့် ဒေသဆိုင်ရာ မှတ်ပုံတင်အရာရှိထံ ဇယားတွင် ပြဋ္ဌာန်းထားသည့်ပုံစံဖြင့် မိမိတို့တဦးဦးက အကြောင်းကြားစာ ပေးပို့နိုင်သည်။ အကြောင်းကြားစာ ပုံစံကို မှတ်ပုံတင်အရာရှိထံယူက ရနိုင်သည်။

၇။ ပုဒ်မ ၆ အရ အကြောင်းကြားစာပေးသူသည် အကြောင်းကြားစာတွင် ပြဋ္ဌာန်းထားသည့် ထုတ်ဖော်ချက်ကို သက်သေနှစ်ဦးနှင့် ထိမ်းမြားပေးရမည့် မှတ်ပုံတင်အရာရှိတို့ရှေ့တွင် လက်မှတ်ထိုးရမည်။

၈။ (၁) မှတ်ပုံတင်အရာရှိသည်-
(က) အကြောင်းကြားစာ မိတ္တူတစောင်ကို မိမိ၏ရုံးရှိ အများမြင်သာသည့် နေရာ၌ ကပ်ခြင်းဖြင့်၎င်း။
(ခ) အကြောင်းကြားစာ မိတ္တူတစောင်ကို တရားမကျင်ထုံး ဥပဒေအရ သမ္မာန်စာများ၊ သို့တည်းမဟုတ် နို့တစ်စာများပေးသည့် နည်းလမ်းအတိုင်း။
(ကက) ထိမ်းမြားမည့်မိန်းမအသက် ၂၀ မပြည့်သေးလျှင် ထိုမိန်းမ၏ မိဘ သို့တည်းမဟုတ် အုပ်ထိန်းသူ ဆိုင်သင့်ရာရာအား ပေးခြင်းဖြင့်၎င်း။
(ခခ) မိန်းမသည် ယောက်ျားတဦးနှင့် ထိမ်းမြားဘူးလျှင်၊ ထိုယောက်ျားအားပေးခြင်းဖြင့်၎င်း၊ အကြောင်းကြားစာကို ကြေငြာရမည်။
ချွင်းချက်။ ။သို့ရာတွင် အကြောင်းကြားစာ မိတ္တူပေးခြင်း ခံရမည့်သူတဦးတယောက်၏ နေရပ်သည် မှတ်ပုံတင်အရာရှိ၏ စီရင်ပိုင်ခွင့်အာဏာနယ်နိမိတ် ပြင်ပတွင်ရှိလျှင်၊ မှတ်ပုံတင်အရာရှိသည် မိတ္တူတစောင်ကို ထိုသူထံစာပို့တိုက်မှ ရီစ္စတြီပြုလုပ်၍ဖြစ်စေ၊ လူလွှတ်၍ဖြစ်စေ ပေးပို့နိုင်သည်။
(၂) မှတ်ပုံတင်အရာရှိသည် ပြဋ္ဌာန်းထားသည့် ပုံစံပါ မူလအကြောင်းကြားစာ အောက်ခြေရှိ သက်သေခံလက်မှတ်တွင် ဆိုင်ရာအကြောင်းအရာများကို ရေးသွင်းရမည်။

၉။ ထိမ်းမြားရန်ကြံရွယ်ကြောင်း အကြောင်းကြားစာကို ပုဒ်မ ၆-အရ ပေးပြီးနောက် ၁၄-ရက်ကြာသည့်အခါ ဤ အက်ဥပဒေတွင် နောက်၌ ဖော်ပြပါရှိသည့် နည်းလမ်းအတိုင်း ကြိုတင် ကန့်ကွက်ခြင်းမရှိလျှင် မှတ်ပုံတင် အရာရှိက သက်ဆိုင်သူ နှစ်ဦးကို ထိမ်းမြားပေးနိုင်သည်။

၁၀။ အကြောင်းကြားစာ ပေးထားသူတို့ ထိမ်းမြားလျှင် ပုဒ်မ ၅-တွင် ပြဋ္ဌာန်းထားသည့် စည်းကမ်းတရပ်နှင့်ဖြစ်စေ၊ အများနှင့်ဖြစ်စေ၊ ဆန့်ကျင်မည်ဟူသေ အကြောင်းပြချက်ဖြင့် မည်သူမဆို မှတ်ပုံတင်အရာရှိထံ လိပ်တပ်လျက် ထိုသူတို့အား ထိမ်းမြားခြင်းမပြုစေရန် စာရေးသားကန့်ကွက်နိုင်သည်။

၁၁။ (၁) ကန့်ကွက်လွှာရရှိသောအခါ မှတ်ပုံတင်အရာရှိသည် ကန့်ကွက်သူအား စီရင်ပိုင်ခွင့်အာဏာရ တရားရုံးသို့ ညွှန်ရမည့်ပြင် ထိမ်းမြားခြင်းကိုလည်း ထိုအခါ၌ ထိုတရားရုံးဖွင့်လှစ်သည့်နေ့မှ ၁၄-ရက်မျှ ရွှေ့ဆိုင်း ထားရမည်။ သို့ရာတွင် မှတ်ပုံတင်အရာရှိသည် ကန့်ကွက်သူက လျှောက်ထားသည့်အခါ လုံလောက်သော အကြောင်းတရပ်ရှိသည်ဟု ထင်မြင်လျှင် ထိုသို့ထိမ်းမြားခြင်းကို နောက်ထပ် ၁၄-ရက်ထက် မပိုသော ကာလမျှ ထပ်မံရွှေ့ဆိုင်းနိုင်သည်။
(၂) ပုဒ်မခွဲ(၁)အရ စီရင်ပိုင်ခွင့်အာဏာရ တရားရုံးသည် မှတ်ပုံတငအရာရှိ၏ရုံး တည်ရှိရာဒေသတွင် စီရင်ပိုင်ခွင့်ရှိသည့် မြို့နယ်တရားမတရားရုံး၊ သို့တည်းမဟုတ် ရန်ကုန်မြို့တော် တရာမရုံးဖြစ်စေရမည်။

၁၂။ (၁) အကြောင်းကြားစာပေးထားသူတို့၌ ပုဒ်မ ၅-အရ ထိမ်းမြားနိုင်ခွင့်ရှိမရှိ အမိန့်ချမှတ်ရန် စီရင်ပိုင်ခွင့်အာဏာရတရားရုံးသို့ ကန့်ကွက်သူက လျှောက်လွှာတင်သွင်းနိုင်သည်။
(၂) တရားရုံးက ထိုလျှောက်လွှာ ရရှိကြောင်း သက်သေခံ လက်မှတ်တစောင်ကို လျှောက်ထားသူအား ပေးရမည်။
(၃)(က) တရားရုံးကပေးသည့် သက်သေခံလက်မှတ်ကို မှတ်ပုံတင်အရာရှိထံ ပုဒ်မ ၁၁၊ ပုဒ်မခွဲ(၁)အရ၊ ထိုအရာရှိခွင့်ပြုထားသည့် အချိန်ကာလအတွင်း တင်သွင်းလျှင် ထိုအကြောင်းကြားစာပေးထားသူ၌ ပုဒ်မ ၅-အရ၊ ထိမ်းမြားနိုင်ခွင့်ရှိသည်ဟူသော အမိန့်ကို တရားရုံးမှ မရသမျှကာလပတ်လုံး ထိုသူတို့ကို ထိမ်မြားမပေးရ။
(ခ) ထိုသက်သေခံလက်မှတ်ကို မှတ်ပုံတင်အရာရှိထံ ထိုအရာရှိ ခွင့်ပြုထားသည့်အချိန်ကာလအတွင်း မတင်သွင်းလျှင်၊ မှတ်ပုံတင်အရာရှိသည် သက်ဆိုင်သူ နှစ်ဦးက ထိမ်းမြားလိုမူ ထိမ်းမြားပေးရမည်။
(၄) တရားရုံးသည် လျှောက်လွှာတွင်ပါရှိသည့် အချက်များကို၎င်း၊ နှစ်ဘက်အမှုသည်များ တင်ပြသည့် သက်သေခံချက်ကို၎င်း၊ အကျဉ်းချုပ်နည်းဖြင့် စစ်ဆေးကြားနာပြီးနောက် ထိုသူနှစ်ဦး၌ ပုဒ်မ ၅-အရ ထိမ်းမြားနိုင်ခွင့် ရှိမရှိဆုံးဖြတ်ရမည့်ပြင် ထိုသို့ဆုံးဖြတ်သည့်အတိုင်းလည်း အမိန့်ချမှတ်ရမည်၊ ထိုအမိန့်သည် အပြီးသတ်ဖြစ်ရမည်။
(၅) တရားရုံးသည် မိမိချမှတ်သော အမိန့်၏ မိတ္တူတစောင်ကို မှတ်ပုံတင်အရာရှိထံ ချက်ခြင်းပို့ရမည်။
(၆)(က) ထိုသူနှစ်ဦး၌ ပုဒ်မ ၅-အရ ထိမ်းမြားနိုင်ခွင့်ရှိသည်ဟု တရားရုံးက အမိန့်ချမှတ်လျှင် မှတ်ပုံတင် အရာရှိသည် ထိုသူတို့က ထိမ်းမြားလိုမူ ထိမ်းမြားပေးရမည်။
(ခ) ထိုသူနှစ်ဦး၌ ပုဒ်မ ၅ အရ ထိမ်းမြားနိုင်ခွင့်မရှိဟု တရားရုံးက အမိန့်ချမှတ်လျှင် မှတ်ပုံတင် အရာရှိသည် ထိမ်းမြားမပေးရ။

၁၃။ ကန့်ကွက်ခြင်းသည် မသင့်လျော်သည့်အပြင် သဘောရိုးနှင့် ကန့်ကွက်ခြင်းလည်း မဟုတ်ဟု ပုဒ်မ ၁၂ အရ၊ လျှောက်လွှာတင်သွင်းရာ တရားရုံးက ထင်မြင်လျှင် ၅၀၀ိ ထက်မပိုသည့် လျော်ကြေးငွေကို လျှောက်ထားသူက ထိမ်းမြားမည့်သူနှစ်ဦးအား ပေးစေရန် စီရင်နိုင်သည်။

၁၄။ ဤအက်ဥပဒေအရ၊ ထိမ်းမြားခြင်းကို သဘောတူချက် ပေးရမည့်သူသည် စိတ်ပေါ့သွပ်နေလျှင် သို့တည်းမဟုတ် ထိုသိုသဘောတူချက် ပေးရမည့်သူ(မိဘမှတပါး)သည် လုံလောက်သော အကြောင်းမရှိဘဲ ထိမ်းမြားခြင်းကို သဘောတူချက်မပေးလျှင် ထိမ်းမြားလိုသူတို့သည် စီရင်ပိုင်ခွင့်အာဏာရ တရားရုံးသို့ လျှောက်လွှာဖြင့် လျှောက်ထားနိုင်သည်။
ထိုတရားရုံးသည် လျှောက်လွှာပါ အချက်များကို အကျဉ်းချုပ်နည်းဖြင့် စစ်ဆေးနိုင်သည်။
ထို့ပြင် စစ်ဆေးသောအခါ ထိုသူတို့၌ ပုဒ်မ ၅-အရ၊ ထိမ်းမြားနိုင်ခွင့်ရှိသည်ဟု ထင်မြင်လျှင် ထိမ်းမြားနိုင်ကြောင်းကို တရားရုံးက ကျေညာရမည်။
ထိုကျေညာချက်သည် သဘောတူချက်ပေးရမည့်သူက သဘောတူချက်ပေးပြီးဖြစ်သကဲ့သို့ အကျိုး သက်ရောက်ရမည်။

၁၅။ ပုဒ်မ ၉၊ ၁၂၊ ၁၄-တခုခုအရ ထိမ်းမြားသောအခါ မှတ်ပုံတင်အရာရှိသည် သက်သေနှစ်ဦးရှေ့တွင် သက်ဆိုင်သူတို့ကို ထိမ်းမြားပေးရမည်။ ထိုသက်သေတို့သည် ပုဒ်မ ၆ တွင် ရည်ညွှန်းထားသည့် ထိမ်းမြားမှု သက်သေခံမှတ်ပုံစာအုပ်တွင် အသိသက်သေအဖြစ် လက်မှတ်ထိုးရမည်။ ထိမ်းမြားခြင်းကို မည်သည့်နည်းဖြင့် မဆို ဆောင်ရွက်နိုင်သည်။ သို့ရာတွင် ထိမ်းမြားမည့်သူများသည် မှတ်ပုံတင်အရာရှိနှင့် သက်သေများရှေ့တွင် ထိုသူတို့ ကြားလောက်အောင် ´ကျွန်ုပ်တို့သည် တရားဝင်လင်မယားအဖြစ် ပေါင်းဖက်ပါမည်` ဟူ၍ ပြောဆိုရမည်။

၁၆။ အထက်ပါအတိုင်း ထိမ်းမြားပြီးသည့်အခါ မှတ်ပုံတင်အရာရှိသည် သက်ဆိုင်သော အကြောင်းအရာများကို ထိမ်းမြားမှု သက်သေခံမှတ်ပုံစာအုပ် ဟုခေါ်တွင်သည့် မှတ်ပုံစာအုပ်၌ မူရင်းထပ်တူလေးစောင် ရေးသွင်းရမည်။ ထိုမှတ်ပုံစာအုပ်သည် ဤအက်ဥပဒေတွင် ပူးတွဲထားသည့် ဇယားပါ ပုံစံအတိုင်း ဖြစ်စေရမည့်ပြင်၊ ထိုမှတ်ပုံစာအုပ်တွင် ထိမ်းမြားသူတို့က၄င်း၊ သက်သေတို့က၄င်း၊ မှတ်ပုံတင် အရာရှိက၄င်း၊ လက်မှတ်ထိုးရမည်။

၁၇။ (၁) မှတ်ပုံတင်အရာရှိသည် သက်သေခံ လက်မှတ်တစောင်ကို လင်အား၊ အခြားတစောင်ကို မယားအား ပေးအပ်ရမည်။ အကယ်၍ မယားသည် အသက် ၂၀-မပြည့်သေးလျှင် သူ၏မိဘအား၊ သို့တည်းမဟုတ် အုပ်ထိန်းသူအား ပေးအပ်ရမည်။ တတိယတစောင်ကို ပုဒ်မခွဲ(၂)နှင့်အညီ ခရိုင်ဝန်ထံပို့၍ စတုတ္ထတစောင်ကို သိမ်းထားရမည်။
(၂) မှတ်ပုံတင်အရာရှိသည် ပုဒ်မ ၆-အရ အကြောင်းကြားစာရရှိလျှင် ထိုအကြောင်းကြားစာကို၎င်း၊ ထိမ်းမြားမှုသက်သေခံလက်မှတ်တစောင်ကို၎င်း၊ ထိမ်းမြားခြင်းဆိုင်ရာ အခြားစာတမ်း အမှတ်အသား အရပ်ရပ်ကို၎င်း၊ ထိမ်းမြားသည့်နေ့မှ ရက်သတ္တပတ်အတွင်း ဆိုင်ရာခရိုင်ဝန်ထံသို့ မြို့နယ်အရာရှိမှတဆင့် ပို့ရမည်။ ထို့ပြင် ဆိုခဲ့သည့် စာတမ်းအမှတ်အသားများကို ထိမ်းမြားမှုဆိုင်ရာ မှတ်ပုံစာအုပ်တွင် တွဲထားရမည့်ပြင်၊ ခရိုင်ဝန်ရုံးတွင် အမြဲသိမ်းထားရမည်။

၁၈။ ထိမ်းမြားမှု သက်သေခံမှတ်ပုံစာအုပ်နှင့် ထိမ်းမြားခြင်းဆိုင်ရာ အခြားစာတမ်းအမှတ်အသားများကို သင့်တော်သည့်အခါများ၌ ကြည့်ရှုခွင့်ပြုရမည့်ပြင်၊ ထိုစာတမ်းအမှတ်အသားများ၏ တာဝန်ခံမိတ္တူများကို ရလိုကြောင်း လျှောက်ထားသည့်အခါ၊ ခရိုင်ဝန်သည် တော်လှန်ရေးကောင်စီဥက္ကဋ္ဌ သတ်မှတ်ထားသည့် နှုန်းအတိုင်း အခငွေကို လျှောက်ထားသူက ပေးဆောင်လျှင် ထုတ်ပေးရမည်။

၁၉။ ဤအက်ဥပဒေအရ၊ ထိမ်းမြားခြင်းနှင့်ဆိုင်သည့် စာတမ်း အမှတ်အသားများ၏ တာဝန်ခံမိတ္တူများတွင် ပါရှိသည့် အကြောင်းအရာများသည် မှန်သည်ဟု သက်သေခံအဖြစ်လက်ခံရမည်။ နောက်ထပ် သက်သေ ထင်ရှားပြရန်မလို။

၂၀။ (၁) ဗုဒ္ဓဘာသာဝင်မဟုတ်သည့် ယောက်ျားတဦးနှင့် ဗုဒ္ဓဘာသာဝင် မိန်းမတဦးကို ပေါင်းဖက်နေထိုင် ပြုမူကြပုံသည် အကယ်၍ ထိုသူနှစ်ဦးလုံး ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးချည်း ဖြစ်ခဲ့သော် ဗုဒ္ဓဘာသာ ဓမ္မသတ်အရ လင်မယားအရာမြောက်မည့် ပေါင်းဖက်နေထိုင်ပြုမူကြပုံမျိုးဖြစ်လျှင် ထိုသူတို့သည် ထိုသို့ ပေါင်းဖက်စကပင် ထိမ်းမြားခဲ့ကြသည်ဟု မှတ်ယူရမည့်ပြင်၊ ထိုသူတို့သည် ဤအက်ဥပဒေအရ ထိမ်းမြားခဲ့ကြသည်ဟုလည်း မှတ်ယူရမည်။
(၂) ထိုလင်မယားသည် စတင်ပေါင်းဖက်သည့်နေမှစ၍ မည်သည့်အခါတွင်မဆို ဤအက်ဥပဒေအရ မှတ်ပုံတင်ရန် မှတ်ပုံတင်အရာရှိထံ လျှောက်ထားနိုင်သည်။ ထိုအခါ မှတ်ပုံတင်အရာရှိသည် ပုဒ်မ ၁၅-အရ၊ လိုအပ်သည့်အတိုင်း ထိုသူတို့ကို မိမိက ထိမ်းမြားပေးဘိသကဲ့သို့ ပုဒ်မ ၁၆-နှင့် ၁၇-တွင် သတ်မှတ်ထားသည့် အတိုင်းဆောင်ရွက်ရမည်။
(၃) ဤပုဒ်မပါပြဌာန်းချက်များသည် ပုဒ်မခွဲ(၁)၌ ဖော်ပြထားသည့် ပေါင်းဖက်နေထိုင်ပြုမူကြပုံမျိုးဖြင့် ဤအက်ဥပဒေ စတင်အာဏာမတည်မီ ခြောက်လကာလ အပိုင်းအခြားအတွင်း မည်သည့်အခါတွင်မဆို ပေါင်းဖက်လျှက်ရှိသည့် ဗုဒ္ဓဘာသာဝင်မိန်းမနှင့် ဗုဒ္ဓဘာသာဝင်မဟုတ်သည့် ယောက်ျားတိုင်းအပေါ်၌ အာဏာ သက်ရောက်ရမည်။

၂၁။ (၁) ဗုဒ္ဓဘာသာဝင် မိန်းမတဦးနှင့် ဗုဒ္ဓဘာသာဝင် မဟုတ်သည့်ယောက်ျားတဦးတို့သည် မိမိတို့၏ ထိမ်းမြားခြင်းကို မှတ်ပုံမတင်ဘဲ ပေါင်းဖက်လျက်ရှိလျှင် ထိုအကြောင်းကို ထိုမိန်းမနေထိုင်ရာဒေသတွင် စီရင်ပိုင်ခွင့်အာဏာရှိသည့် မှတ်ပုံတင်အရာရှိထံ ထိုမိန်းမကဖြစ်စေ ထိုမိန်းမ၏အမိက သို့တည်းမဟုတ် အဘက သို့တည်းမဟုတ် အုပ်ထိန်းသူကဖြစ်စေ၊ အခြားဆွေမျိုးတော်စပ်သူ တဦးဦးကဖြစ်စေ သတင်းပေးနိုင်သည်။ မှတ်ပုံတင်အရာရှိသည် သတင်းပေးချက်ကို ရေးမှတ်ထားရမည်၊ သို့တည်းမဟုတ် ရေးမှတ်ထားစေရမည်။ ထို့ပြင် ထိုသို့ရေးမှတ်ထားသည့် သတင်းပေးချက်အားလုံးကို သတင်းပေးသူက လက်မှတ်ထိုးရမည်။
(၂) ထိုနောက် မှတ်ပုံတင်အရာရှိသည် ထိုဗုဒ္ဓဘာသာဝင် မိန်းမနှင့် ဗုဒ္ဓဘာသာဝင် မဟုတ်သည့် ယောက်ျားတို့ကို မိမိချိန်းဆိုသည့်နေ့ရက်တွင် မိမိထံလာရောက်ရန် ဆင့်ခေါ်ရမည်။ ထိုသူနှစ်ဦးလုံးက မိမိတို့၏ ထိမ်းမြားခြင်းကို မှတ်ပုံတင်လိုလျှင် မှတ်ပုံတင်အရာရှိသည် ပုဒ်မ ၁၅-အရ လိုအပ်သည့်အတိုင်း ထိုသူတို့ကို မိမိက ထိမ်းမြားပေးဘိသကဲ့သို့ ပုဒ်မ ၁၆ နှင့် ၁၇-တွင် သတ်မှတ်ထားသည့်အတိုင်း ဆောက်ရွက်ရမည်။ အကယ်၍ တဦးဦးကဖြစ်စေ နှစ်ဦးလုံးကဖြစ်စေ မိမိတို့၏ထိမ်းမြားခြင်းကို မှတ်ပုံမတင်လိုလျှင်၊ သို့တည်းမဟုတ် မလာရောက်လျှင် ထိုမှတ်ပုံတင်အရာရှိသည် ပုဒ်မ ၁၁-တွင် ရည်ညွှန်းထားသည့် စီရင်ပိုင်ခွင့် အာဏာရတရားရုံးသို့ ရေးမှတ်ထားသည့် သတင်းပေးချက်နှင့်အတူ အစီရင်ခံစာ ပေးပို့ရမည်။
(၃) အခြားတည်ဆဲတရားဥပဒေများတွင် မည်သို့ပင်ပါရှိစေကာမူ ထိုတရားရုံးသည် အစီရင်ခံစာ ရရှိသောအခါ ထိုအမှုသည် နည်းလမ်းတကျစွဲဆိုသည့် တရားမမှု ဖြစ်ဘိသကဲ့သို့ ပုဒ်မခွဲ(၄)တွင် ဖော်ပြထားသည့် နှစ်ဖက်အမှုသည်များကို၎င်း၊ ထိုသူတို့ တင်ပြချက် သက်သေခံချက်ကို၎င်း အကျဉ်းချုပ်နည်းအားဖြင့် စစ်ဆေးကြားနာပြီးနောက် ထိုမိန်းမနှင့် ထိုယောက်ျားတို့သည် ပုဒ်မ ၂၀၊ ပုဒ်မခွဲ(၁)၏ အဓိပ္ပါယ်အရ လင်မယားဟုတ်မဟုတ် ဆုံးဖြတ်ရမည့်ပြင် ဆုံးဖြတ်သည့်အတိုင်း အမိန့်ချမှတ်ရမည်။ တရားရုံးသည် စရိတ်နှင့် စပ်လျဉ်း၍ မိမိသင့်တော်သည် ထင်မြင်သည့်အမိန့်ကို ချမှတ်နိုင်သည်။
(၄) (က) တဦးဦးက ထိမ်းမြားခြင်းကို မှတ်ပုံတင်လိုသည့် အမှုတွင် မှတ်ပုံတင်လိုသူအား တရားလို ဟူ၍၄င်း၊ မှတ်ပုံမတင်လိုသူအား တရားခံဟူ၍၄င်း၊ မှတ်ယူရမည်။
(ခ) နှစ်ဦးလုံးက ထိမ်းမြားခြင်းကို မှတ်ပုံမတင်လိုသည့် အမှုတွင် ဆိုင်ရာသတင်းပေးသူအား တရားလို ဟူ၍၄င်း၊ မှတ်ပုံမတင်လိုသူနှစ်ဦးအား တရားခံဟူ၍၄င်း မှတ်ယူရမည်။
(၅) တရားရုံးသည် မိမိချမှတ်သောအမိန့်၏ မိတ္တူတစောင်ကို မှတ်ပုံတင်အရာရှိထံသို့ ချက်ခြင်း ပေးပို့ ရမည်။
(၆) တရားရုံးက ထိုယောက်ျားနှင့် မိန်းမတို့သည် ပုဒ်မ ၂၀၊ ပုဒ်မခွဲ(၁)၏ အဓိပ္ပါယ်အရ လင်မယား ဖြစ်သည်ဟု ဆုံးဖြတ်လျှင် မှတ်ပုံတင်အရာရှိသည် ထိုတရားရုံး၏ အမိန့်အတိုင်း ထိမ်းမြားမှုသက်သေခံ မှတ်ပုံတင်စာအုပ်တွင် လိုအပ်သည့် ပြင်ဆင်ချက်များပြု၍ ထိုမှတ်ပုံတင်စာအုပ်တွင် သက်ဆိုင်သည့် အကြောင်းအရာများကို မူရင်းထပ်တူ လေးစောင်ရေးသွင်းရမည်။ ထို့ပြင် မှတ်ပုံတင်အရာရှိသည် ထိုမှတ်ပုံတင် စာအုပ်တွင် လက်မှတ်ထိုးပြီးနောက် ပုဒ်မ ၁၇-တွင် သတ်မှတ်ထားသည့်အတိုင်း ဆောင်ရွက်ရမည်။
(၇) မြို့နယ်တရားမတရားရုံးမှ ချမှတ်သောအမိန့်ကို ထိုရုံးတည်ရှိရာဒေသတွင် စီရင်ပိုင်ခွင့်ရှိသည့် ခရိုင်တရားရုံး၌ အယူခံခွင့်ရှိစေရမည်။ ရန်ကုန်မြို့တော် တရားမရုံးမှ ချမှတ်သောအမိန့်ကို တရားရုံးချုပ်၌ အယူခံဝင်ခွင့် ရှိစေရမည်။ အယူခံမှုတွင် ခရိုင်တရားမရုံးက သို့တည်းမဟုတ် တရားရုံးချုပ်က ချမှတ်သော အမိန့်သည် အပြီးသတ်ဖြစ်ရမည်။

၂၂။ ဗုဒ္ဓဘာသာဝင် မဟုတ်သည့် ယောက်ျားက ဗုဒ္ဓဘာသာဝင် မိန်းမကို ထိမ်းမြားရန်ကတိပြုလျှင် ထိုယောက်ျားသည် ထိုမိန်းမကို ဤအက်ဥပဒေအရ ထိမ်းမြားရန် ကတိပြုသည်ဟု မှတ်ယူရမည်။

၂၃။ ဟိန္ဒူဘာသာ၊ ဆိ(ခ်)ဘာသာ၊ ဂျိန္ဒဘာသာတရပ်ရပ်ကို ကိုးကွယ်သော ပစ္စည်းမခွဲဝေရသေးသည့် အိမ်ထောင်သားစုဝင် တဦးတယောက်သည် ဗုဒ္ဓဘာသာဝင် မိန်းမနှင့် ဤအက်ဥပဒေအရ ထိမ်းမြားလျှင်၊ သို့တည်းမဟုတ် ထိမ်းမြားခဲ့သည်ဟု မှတ်ယူခြင်းခံခဲ့ရလျှင် ထိုသူသည် ထိုအိမ်ထောင်သားစုမှ ခွဲခွါပြီဟု မှတ်ယူရမည်။ ထို့ပြင် ပစ္စည်းခွဲဝေခြင်းမပြုမှီ ထိုသူသေဆုံးလျှင် ထိုသူပိုင်သည့် ဆိုင်ရာဆိုင်ခွင့်သည် ထိုသူ၏မယားနှင့် သားသမီးများသို့ သက်ရောက်ရမည်။

၂၄။ (၁) ဤအက်ဥပဒေအရ ထိမ်းမြားသူတို့၏၊ သို့တည်းမဟုတ် ထိမ်းမြားခဲ့သည်ဟု မှတ်ယူခြင်းခံရသူတို့၏ ပစ္စည်းပိုင်ဆိုင်ခွင့်နှင့် စပ်လျဉ်းသော ကိစ္စအားလုံးကို ထိုသူတို့နှင့် ထိုသူတို့၏ မိသားစုအားလုံးသည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးချည်းဖြစ်ဘိသကဲ့သို့ ဗုဒ္ဓဘာသာ ဓမ္မသတ်အတိုင်း ဆုံးဖြတ်ရမည်။
(၂) ဤပုဒ်မနှင့် ပုဒ်မ ၂၆-ပါ ကိစ္စများအလို့ငှါ မိသားစုဆိုသည့် စကားရပ်တွင် တရားဝင်လင်၊ တရားဝင်မယား၊ သို့တည်းမဟုတ် မယားများနှင့် တရားဝင် သားသမီးများ ပါဝင်သည်။

၂၅။ (၁) လင်မယားကွာရှင်းမှုကိစ္စ၊ ပစ္စည်းခွဲဝေမှုကိစ္စ သားသမီးထိန်းသိမ်းမှုကိစ္စတို့ဆိုင်ရာ ဗုဒ္ဓဘာသာ ဓမ္မသတ်များ၏ ပြဋ္ဌာန်းချက်များသည် ဤအက်ဥပဒေအရ ထိမ်းမြားကြသူတို့အပေါ်သို့၊ သို့တည်းမဟုတ် ထိမ်းမြားခဲ့ကြသည်ဟု မှတ်ယူခြင်းခံရသူတို့အပေါ်သို့ ထိုသူတို့သည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးချည်း ဖြစ်ဘိသကဲ့သို့ အာဏာသက်ရောက်ရမည်။
မှတ်ချက်။ ။သို့ရာတွင် တရာဥပဒေကဲ့သို့ အာဏာရှိသော ဘာသာရေးဓလေ့ထုံးစံတခုကဖြစ်စေ၊ ထိုသို့သော ဘာသာရေး ဓလေ့ထုံးစံကို အကျိုးသက်ရောက်စေသည့် တရားဥပဒေတခုခုကဖြစ်စေ ဗုဒ္ဓဘာသာ ၀င်မဟုတ်သည့် ယောက်ျားတဦးအား ဗုဒ္ဓဘာသာဝင် မိန်းမတဦးနှင့် လင်မယားအဖြစ် ပေါင်းဖက်နေခြင်းကို ခွင့်မပြုသည့်အကြောင်းကြောင့် ထိုယောက်ျားက ထိုမိန်းမကို ကွာရှင်းလိုလျှင် ကွာရှင်းနိုင်သည်။ ထိုအကြောင်းကြောင့် ထိုယောက်ျားက ထိုမိန်းမကို ကွားရှင်းလျှင်၊ သို့တည်းမဟုတ် စွန့်ခွာလျှင်၊ သို့တည်းမဟုတ် ကိုယ်ထိလက်ရောက် ညှဉ်းပန်းနှိပ်စက်ရာရောက်သည်ဖြစ်စေ၊ မရောက်သည်ဖြစ်စေ ရက်စက်သည့် အပြုအမူအားဖြင့် စိတ်ဆင်းရဲအောင်ပြုလျှင် အဆိုပါဓလေ့ထုံးစံက သို့တည်းမဟုတ် တရားဥပဒေက မည်သို့ပင်ဆိုစေကာမူ-
(က) ထိုယောက်ျားသည် နှစ်ဦးပိုင်ပစ္စည်းများမှ မိမိရထိုက်သောအစုကို စွန့်လွတ်ရမည့်ပြင် ဗုဒ္ဓဘာသာ မိန်းမအား လျော်ကြေးပေးရမည်။
(ခ) ဗုဒ္ဓဘာသာဝင် မိန်းမသည် သားသမီးအားလုံး ထိန်းသိမ်းခွင့်ကို ရရှိရမည်။ ထို့ပြင်-
(ဂ) ထိုသူသည် အရွယ်မရောက်သေးသည့် သားသမီးများအတွက် ခလေးစရိတ်ပေးရမည်။
(၂) ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်သည့် ဗုဒ္ဓဘာသာဝင် မဟုတ်ခဲ့ဘူးသော မိန်းမတဦးသည် ဗုဒ္ဓဘာသာဝင် မဟုတ်သည့် ယောက်ျားနှင့် လင်မယားအဖြစ် ပေါင်းဖက်နေစဉ် ဗုဒ္ဓဘာသာသို့ ကူးပြောင်း ကိုးကွယ်လျှင် ထိုသူတို့သည် ဤအက်ဥပဒေအရ ထိမ်းမြားကြဘိသကဲ့သို့ ပုဒ်မ ၂၄ နှင့် ပုဒ်မ ၂၅(၁)ပါ ပြဋ္ဌာန်း ချက်များသည် ထိုသူတို့နှင့် သက်ဆိုင်ရမည်။
ချွင်းချက်။ ။သို့ရာတွင် ထိုမိန်းမသည် ဗုဒ္ဓဘာသာသို့ ကူးပြောင်းကိုးကွယ်သည့်အခါ တရားဥပဒေ ကဲ့သို့ အာဏာရှိသော ထိုယောက်ျား၏ ဘာသာရေး ဓလေ့ထုံးစံတခုခုကဖြစ်စေ ထိုသို့သော ဘာသာရေး ဓလေ့ထုံးစံကို အကျိုးသက်ရောက်စေမည့် တရားဥပဒေတခုခုကဖြစ်စေ၊ ထိုယောက်ျားအား ဗုဒ္ဓဘာသာဝင် မိန်းမနှင့် လင်မယားအဖြစ် ပေါက်ဖက်နေခြင်းကို ခွင့်မပြုသည့်အကြောင်းကြောင့် ကွာရှင်းလိုသော် ထိုမိန်းမသည် ဗုဒ္ဓဘာသာသို့ ကူးပြောင်းကိုးကွယ်သည့်နေ့မှ သင့်လျော်သည့်ကာလ အပိုင်းအခြားအတွင်း ထိုယောက်ျားကဖြစ်စေ၊ ထိုမိန်းမကဖြစ်စေ ကွာရှင်းနိုင်သည်၊ ထိုအကြောင်းကြောင့်-
(က) ထိုယောက်ျားက ထိုမိန်းမကို ကွာရှင်းလျှင်-
(ကက) ဗုဒ္ဓဘာသာသို့ ကူးပြောင်း ကိုးကွယ်ခြင်း မပြုမီက ထိုမိန်းမနေထိုင်ရသည့် အတန်းအစား အခြေအနေအောက် မလျော့သော အတန်းအစား အခြေအနေတွင် ဆက်လက်နေထိုင်နိုင်အောင် လုံလောက်သည့် လစဉ်စရိတ်ကို ထိုမိန်းမ နောက်ထပ် ထိမ်းမြားခြင်းမပြုသမျှကာလပတ်လုံး ထိုယောက်ျားက ထိုမိန်းမအား ပေးရမည်။
(ခခ) ထိုမိန်းမ ဗုဒ္ဓဘာသာသို့ ကူးပြောင်းကိုးကွယ်ခြင်းမပြုမီက ထိုမိန်းမတဦးတည်းပိုင်ဖြစ်သော ပစ္စည်း အားလုံးကို ထိုမိန်းမရခွင့်ရှိရမည်။ သို့သော်လည်း ထိုသို့ကူးပြောင်း ကိုးကွယ်ခြင်းမပြုမီက ထိုယောက်ျား တဦးတည်းပိုင်ဖြစ်သော မည်သည့်ပစ္စည်းကိုမျှ ထိုမိန်းမ ရခွင့်မရှိစေရ။
(ဂဂ) ထိုမိန်းမသည် အရွယ်မရောက်သေးသည့် သားသ္မီးအားလုံး ထိန်းသိမ်းခွင့်ကို ရရှိရမည်။ ထို့ပြင်-
(ဃဃ) ထိုယောက်ျားသည် အဆိုပါ အရွယ်မရောက်သေးသည့် သားသ္မီးများအတွက် ခလေးစရိတ် ပေးရမည်။
(ခ) ထိုမိန်းမက ထိုယောက်ျားကို ကွာရှင်းလျှင်-
(ကက) ထိုမိန်းမက ဗုဒ္ဓဘာသာသို့ ကူးပြောင်း ကိုးကွယ်ခြင်းမပြုမီက၊ ထိုမိန်းမ တဦးတည်းပိုင်ဖြစ်သော ပစ္စည်းမှတပါး၊ ထိုယောက်ျား တဦးတည်းပိုင်သော မည်သည့်ပစ္စည်းကိုမျှ ထိုမိန်းမ ရခွင့်မရှိစေရ။
(ခခ) ထိုမိန်းမသည် အရွယ်မရောက်သေးသည့် သားသ္မီးအားလုံး ထိန်းသိမ်းခွင့် ရရှိရမည်။
(ဂဂ) ထိုယောက်ျားသည် အဆိုပါအရွယ်မရောက်သေးသည့် သားသ္မီးများအတွက် ခလေးစရိတ် ပေးရမည်။
ရှင်းလင်းချက်။ ။ဤပုဒ်မပါ ဘာသာရေးဓလေ့ထုံးစံဆိုသည့်စကားရပ်၌ ဘာသာ ဆိုသည်မှာ ဗုဒ္ဓဘာသာဝင်ဖြစ်သည့်မိန်းမနှင့် ပေါင်းဖက်သည်မှစ၍ ထိုမိန်းမ၏ လင်ယောက်ျား အစဉ်တစိုက် ကိုးကွယ်သည့် ဘာသာကို ဆိုလိုသည်။
(၃) ဤပုဒ်မပါ ပြဋ္ဌာန်းချက်များသည် အက်ဥပဒေစတင် အာဏာ မတည်မီက ခြောက်လအတွင်း ဗုဒ္ဓဘာသာဝင်မိန်းမနှင့် ထိုမိန်းမ၏ ဗုဒ္ဓဘာသာဝင် မဟုတ်သည့် လင်ယောက်ျားတို့ ဖြစ်ပွားသော (အာဏာရ တရားရုံးက ဒီကရီချမှတ်ပြီးသည့် လင်မယားကွာရှင်းမှုကိစ္စမပါ) လင်မယားကွာရှင်းမှုကိစ္စ၊ သို့တည်းမဟုတ် ဗုဒ္ဓဘာသာဝင်မိန်းမကို စွန့်ခွာသည့်ကိစ္စ၊ သို့တည်းမဟုတ် ကိုယ်ထိလက်ရောက် ညှဉ်းပန်းနှိပ်စက်ရာ ရောက်သည်ဖြစ်စေ၊ မရောက်သည်ဖြစ်စေ ရက်စက်သည် အပြုအမူအားဖြင့် စိတ်ဆင်းရဲအောင် ပြုသည့်ကိစ္စ အားလုံးနှင့် သက်ဆိုင်ရမည်။

၂၆။ ဤအက်ဥပဒေအရ ထိမ်းမြားကြသူတို့၏ သို့တည်းမဟုတ် ထိမ်းမြားခဲ့ကြသည်ဟု မှတ်ယူခြင်း ခံရသူတို့၏ အမွေဆက်ခံမှုနှင့် စပ်လျဉ်းသည့်ကိစ္စ အားလုံးကို ထိုသူတို့နှင့် ထိုသူတို့၏ မိသားစုအားလုံးသည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးချည်းဖြစ်ဘိသကဲ့သို့ ဗုဒ္ဓဘာသာ ဓမ္မသတ်အတိုင်း ဆုံးဖြတ်ရမည်။

၂၇။ ဤအက်ဥပဒေအရ ထိမ်းမြားလျှင် သို့တည်းမဟုတ် ထိမ်းမြားသည်ဟု မှတ်ယူခြင်းခံရလျှင် ထိုသူနှစ်ဦးမှ ဖွားမြင်သော သားသ္မီးများသည် တရားဝင် သားသ္မီးများဖြစ်သည်ဟု မှတ်ယူရမည်။

၂၈။ မည်သူမဆို မဟုတ်မမှန်သည်လည်း ဖြစ်၍ မဟုတ်မမှန်သည်ဟု မိမိသိသည်လည်းဖြစ်သော သို့တည်မဟုတ် ယုံကြည်သည်လည်းဖြစ်သော ဖော်ပြချက်ပါရှိသည့် (ဤအက်ဥပဒေအရ ပြဋ္ဌာန်းထားသော) ထုတ်ဖော်ချက်ကို၎င်း၊ ထိုသို့သော သက်သေခံ လက်မှတ်ကိုသော်၎င်း ပြုလုပ်လျှင် သို့တည်းမဟုတ် လက်မှတ်ထိုးလျှင်၊ သို့တည်းမဟုတ် မှန်ကန်ကြောင်း သက်သေခံလျှင် ထိုသူသည် ရာဇသတ်ကြီးပုဒ်မ ၁၉၉ အရ ပြစ်မှုကျူးလွန်သည်ဟူ၍ မှတ်ယူရမည်။

၂၉။ မည်သည့်မှတ်ပုံတင်အရာရှိမဆို-
(၁) ဆိုင်ရာအကြောင်းကြားစာ ရရှိလျှင် ထိုအကြောင်းကြားစာကို ပုဒ်မ ၈-အရ ကျေညာခြင်းမပြုဘဲ၊ သို့တည်းမဟုတ်
(၂) ဆိုင်ရာ အကြောင်းကြားစာကို မိမိရရှိပြီးနောက် ၁၄-ရက်အတွင်း သို့တည်းမဟုတ်
(၃) ထိမ်းမြားမည့် မိန်းမသည် အသက် ၂၀-မပြည့်သေးလျှင် ထိုမိန်းမ၏ မိဘထံမှဖြစ်စေ၊ မိဘသေဆုံးလျှင် အုပ်ထိန်းသူထံမှဖြစ်စေ လိုအပ်သည့် သဘောတူချက်ကို ရရှိပြီးမဟုတ်ဘဲ၊ သို့တည်းမဟုတ်
(၄) ပုဒ်မ ၁၁ ပုဒ်မခွဲ(၁)၊ ပုဒ်မ ၁၂ ပုဒ်မခွဲ(၃) အပိုဒ်(က) ပုဒ်မ ၁၂ ပုဒ်မခွဲ(၆) အပိုဒ်(ခ)တခုခုပါ ပြဋ္ဌာန်းချက်များနှင့် ဆန့်ကျင်၍၊ သိလျက်နှင့် တမင် ဤအက်ဥပဒေအရ ထိမ်းမြားပေးလျှင် ထိုအရာရှိသည် တနှစ်ထိ ထောင်ဒဏ်ဖြစ်စေ၊ ၅၀၀ိ-ထက်မပိုသော ငွေဒဏ်ဖြစ်စေ ချမှတ်ခြင်း ခံထိုက်စေရမည်။
၃၀။ တော်လှန်ရေးကောင်စီဥက္ကဋ္ဌသည် ဤအက်ဥပဒေပါ ကိစ္စများကိုဆောင်ရွက်ရန်အလို့ငှါ နည်းဥပဒေများ ပြုနိုင်သည်။

၃၀။ ဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေ (၁၉၃၉-ခုနှစ်၊ မြန်မာနိုင်ငံ အက်ဥပဒေအမှတ် ၂၄) ကို ဤအက်ဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။

အထက်ဖော်ပြပါ အက်ဥပဒေအရ အခြားသော တည်ဆဲတရားဥဒေများ၊ ဓလေ့ထုံးတမ်းများနှင့် ဤဥပဒေပြဋ္ဌာန်းချက်များသည် မည်သို့ပင် ဆန့်ကျင်စေကာမူ၊ ဤအက်ဥပဒေက လွှမ်းမိုး၍ ဘာသာခြားယောက်ျားတိုင်းအပေါ် အာဏာသက်ရောက်စေပေသည်။ ဤအက်ဥပဒေ၏ အရေးကြီးလှသော ပြဋ္ဌာန်းချက်မှာ ပုဒ်မ ၂၀ ဖြစ်၍ ဘသာခြားယောက်ျားနှင့် ဗုဒ္ဓဘာသာဝင် အမျိုးသမီးတို့၏ ပေါင်းဖက်နေထိုင် ပြုမူကြခြင်းသည် ဗုဒ္ဓဘာသာထုံးတမ်းအရ နေထိုင်ခြင်းမျိုးဖြစ်ပါက ၄င်းတို့ ပေါင်းသင်းချိန်ကပင်လျှင် ထိမ်းမြားလက်ထပ်ခဲ့သည်ဟု မှတ်ယူရသည့်အပြင် ၄င်းတို့ စတင်ပေါင်းခဲ့သည့် နေ့မှစ၍ မည်သည့်အခါမဆို ဤအက်ဥပဒေအရ မှတ်ပုံတင်နိုင်ခွင့်ရှိသည့် ပြဋ္ဌာန်းချက်ဖြစ်သည်။ ၄င်းပြင် ပုဒ်မ ၂၅ တွင်လည်း ဤအက်ဥပဒေအရ ထိမ်းမြားကြသူ (သို့) ထိမ်းမြားခဲ့ကြသည်ဟု မှတ်ယူခြင်းခံရသူများ၏ လင်မယားကွာရှင်းမှု၊ ပစ္စည်းခွဲဝေမှု၊ သားသ္မီးထိန်းသိမ်းမှုများတွင် မြနမမာဓလေ့ထုံးတမ်းဥပဒေအရ ဆုံးဖြတ်ရမည်ဟုလည်း ပြဋ္ဌာန်း ထားပေသည်။ ၄င်းပုဒ်မ၏ ချွင်းချက်တွင် ဘာသာခြားယောက်ျားက ကွာရှင်းလိုခြင်း (သို့) စွန့်ခွာခြင်း (သို့) ညှင်းပန်းနှိပ်စက်ခြင်းပြုပါက ၄င်းယောက်ျားသည် နှစ်ဦးပိုင်ပစ္စည်းမှ မိမိရပိုင်ခွင့်အစုကို စွန့်ရမည့်ပြင် မိန်းမအား လျော်ကြေးပေးရမည်ဟု၎င်း၊ မိန်းမသည် သားသမီး ထိန်းသိမ်းခွင့်ကို ရရှိမည်ဟု၎င်း၊ အရွယ်မရောက်သူ ကလေးများအား စားစရိတ်ပေးခြင်း ပြုရမည်ဟု၎င်း၊ ပြဋ္ဌာန်းထားပေသည်။ ၄င်းပြင် ဤအက်ဥပဒေတွင် ဘာသာခြားနှင့် လက်ထပ်ခြင်းကို ကန့်ကွက်ပိုင်ခွင့်၊ မည်သို့လက်ထပ်လျှင် တရားဝင်ခြင်းစသည့် ပြဋ္ဌာန်းချက်များလည်း ပါရှိသည်ဖြစ်ရာ၊ မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးတိုင်း ဤအက်ဥပဒေကို ကျေညက်စွာ နားလည်သဘောပေါက်သင့်ပေသည်။ မိမိတိုပ နားလည်သည်နှင့်အမျှ ဘာသာခြားနှင့် လက်ထပ်ကြသော အမျိုးသမီးများကိုလည်း ဤအက်ဥပဒေပါ ပြဋ္ဌာန်းသည့် ခံစားခွင့်များကို တဆင့်ပြန်လည် ဖောက်သည်ချခြင်းဖြင့်၊ အကျိုးခံစားခွင့်များ ရရှိနိုင်ကြမည်ဖြစ်ပေသည်။ အချုပ်အားဖြင့် ဤအက်ဥပဒေသည်၊ နှစ်ပေါင်းများစွာ အနစ်နာခံခဲ့ကြရသော ဘာသာခြားယောက်ျားနှင့် အကြောင်းအမျိုးမျိုးကြောင့် လက်ထပ်ခဲ့ကြသည့် မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများအတွက် ရသင့်ရထိုက်သော အခွင့်အရေးများကို မြန်မာဓလေ့ထုံးတမ်းနှင့်အညီ မဆုံးရှုံးမနစ်နာစေရန် ဥပဒေဖြင့် တိတိကျကျ ပြဋ္ဌာန်းချက်တရပ်ပင်ဖြစ်ပေသည်။

No comments:

Post a Comment