Friday, September 20, 2013

"ပြည်ထောင်စုမြန်မာနိုင်ငံနှင့်ပြည်နယ်မဲ့ (Stateless) တိုင်းရင်းသားများ၏ သဘောထား"

 ယခုပြည်ထောင်စုမြန်မာနိုင်ငံကို တိုင်းဒေသကြီး(၇)ခုနှင့် တိုင်းရင်းသားအမည်နာမဖြင့် ခံယူထားသော ပြည်နယ်(၇)ခု၊ ပေါင်း(၁၄)ခုဖြင့် ဖွဲ့စည်းထားပါသည်။

တိုင်းရင်းသားများ အမည်နာမဖြင့် ခံယူထားသော ပြည်နယ်များမှာ-

၁။ ကချင်ပြည်နယ် ၂။ ချင်းပြည်နယ်
၃။ ကရင်ပြည်နယ် ၄။ ကယားပြည်နယ်
၅။ မွန်ပြည်နယ် ၆။ ရှမ်းပြည်နယ်
၇။ ရခိုင်ပြည်နယ်-ဟူ၍ဖြစ်သည်။
တိုင်းဒေသကြီးများမှာ-
၁။ မန္တလေးတိုင်းဒေသကြီး ၂။ စစ်ကိုင်းတိုင်းဒေသကြီး
၃။ မကွေးတိုင်းဒေသကြီး ၄။ ဧရာဝတီတိုင်းဒေသကြီး
၅။ ရန်ကုန်တိုင်းဒေသကြီး ၆။ ပဲခူးတိုင်းဒေသကြီး
၇။ တနင်္သာရီတိုင်းဒေသကြီး-ဟူ၍ဖြစ်သည်။

တိုင်းဒေသကြီးတို့တွင် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုး(၁၀၀)ကျော်တို့သည် အေးအတူပူအမျှ တစ်မြေထဲနေ တစ်ရေထဲသောက်၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုရေးရာကိစ္စများ၌ သာတူညီမျှ အေးအေးချမ်းချမ်း အခြေချ နေထိုင်နေကြသည်ကို
မျက်ဝါးထင်ထင် တွေ့နေရသည်။

သို့ရာတွင် ပြည်နယ်များ၌ကား ထိုသို့မဟုတ်တော့ပါ။ အနည်းငယ် ခွဲခြားမှုရှိသည်ကို တွေ့မြင်ရပါသည်။ တိုင်းရင်းသား အမည်ပေါက်သော ပြည်နယ်များတွင် မိမိတို့အမျိုး မှ မိမိတို့အမျိုး၊ မိမိတို့အမည်ပေါက် ပြည်နယ်ဖြစ်ခြင်းကြောင့် ဤပြည်နယ်သည် မိမိတို့ပြည်နယ်ဖြစ်သည်၊ အခြားသော တိုင်းရင်းသားများကို အထင်သေး၊ အမြင်သေး Stateless များဟု ခံယူထားကြသည်။

တိုင်းရင်းသားဆိုသူများကလည်း-ဒါ ငါတို့ပြည်နယ်ဖြစ်သည်၊ ထွက်ရှိသမျှသော သယံဇာတပစ္စည်း သစ်တောထွက်ပစ္စည်းများသည် ငါတို့နှင့်ဘဲဆိုင်သည်၊ အကျိုးအမြတ်ကို ငါတို့ဘဲ ခံစားရမည်-ဟု ကျဉ်းမြောင်းသော လူမျိုးရေး အတ္တစွဲအမြင်နှင့်ခံယူထားကြသည်ချည်းဖြစ်သည်။

မိမိတို့ပြည်နယ် ရှေးဘိုးဘွား ဘီဘင် လက်ထက်ကတည်းက နေထိုင်ခဲ့ကြသော အချို့သော တိုင်းရင်းသားများကို ဧည့်သည်များ Stateless များဟု မှတ်ယူနေကြသည်ကို ၀မ်းနည်းစွာ တွေ့မြင်ရသည်။ မြန်မာနိုင်ငံတွင်းရှိ တိုင်းရင်းသားများအားလုံးကို တစ်အူတုံဆင်း ညီရင်းအစ်ကို မောင်နှမရင်း ကဲ့သို့ မယူတတ်ကြတော့ပါ။

ယုတ်စွာ့အဆုံး အလုပ်အကိုင် အခွင့်အလမ်း ပေါ်ပေါက်လာလျှင်ပင်၊ မိမိမူရင်း မျိုးနွယ်များကိုသာ ခန့်အပ်လိုကြသည်။ အခွင့်ထူးပေးလိုကြသည်။ ဤသို့ဆိုလျှင် အတူနေ အခြားတိုင်းရင်းသားများ၏ စိတ်ဆန္ဒတွင် မည်သို့ကိန်းအောင်းသွားပါမည်နည်း။ ကိုယ်ချင်း စာနာကြည့်သင့်ပါသည်။ ´´မွေးရာပါ လူ့အခွင့်အရေး`` ဘယ်မှာ ရှိပါတော့မည်နည်း။ အခြားသောအတူနေ တိုင်းရင်းသားများသည် ယနေ့လူအများ ကျယ်ကျယ်လောင်လောင် အော်နေကြသည့် လူ့အခွင့်အရေး ဆိုသည်မှာ ဆုံးရှုံးရတော့မည်သာ ဖြစ်သည်။

ဒါကြောင့် မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသော တိုင်းရင်းသားအားလုံးသည် ´´မွေးရာပါ လူ့အခွင့်အရေး`` တန်းတူညီမျှ ရရှိစေရန် Stateless တိုင်းရင်းသားများက အောက်ပါအတိုင်း ဆန္ဒရှိနေကြပါသည်။

တိုင်းရင်းသားလူမျိုးအမည်ဖြင့် နာမည်ခံယူထားသော ပြည်နယ်များ၏ အတ္တဆန္ဒလွန်ကဲကြီးမားပုံကို သာဓက တစ်ခုတင်ပြလိုပါသည်။ မြန်မာနိုင်ငံတွင် ပြည်နယ်(၇)ခု၊ တိုင်ဒေသကြီး(၇)ခု၊ ပေါင်း(၁၄)ခုဖြင့် အတူတကွ ပူးပေါင်းပြီး နေထိုင်လာခဲ့ကြသည်။ ယခု ပြည်နယ်(၇)ခုတို့ အတူတကွ ပူးပေါင်းပြီး ´´ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)ကို ဖွဲ့စည်းလျက် ရှစ်ပြည်နယ်မူကို ပုံဖော်ရန် အစိုးရအား အတင်းဖိအားပေးနေသည်ကို တွေ့ရသည်။ ရှစ်ပြည်နယ်ဆိုသည်မှာ မူလပြည်နယ်ရရှိပြီးသော တိုင်းရင်းသားများနှင့် ဗမာပြည်နယ်`` တစ်ခုဖွဲ့စည်းရန်ဟူ၍ဖြစ်သည်။ ဤသို့ဆိုလျှင် Stateless တိုင်းရင်းသားများကို မည်သို့ သတ်မှတ်ပေးပါမည်နည်း။ Statiless တိုင်းရင်းသားတို့၏ မွေးရာပါ အခွင့်အရေးကား မည်သို့ရှိပါမည်နည်း။ Stateless တိုင်းရင်းသားများသည် မည်သူ့မျက်နှာကြည့်၍ နေရပါမည်နည်း။ မွေးရာပါလူ့အခွင့်အရေးကြီး ဆုံးရှုံးရပေတော့မည် မဟုတ်ပါလားဟု မေးလိုပါသည်။

မိမိတို့ခံယူထားသည်မှာ State ရှိသည်ဖြစ်စေ Stateless တိုင်းရင်းသားပင် ဖြစ်စေ မြန်မာနိုင်ငံတွင်းရှိသည့် တိုင်းရင်းသားအားလုံးသည် မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေများအရ အခွင့်အရေး တန်းတူ တင်းပြည့် ကျပ်ပြည့် ရရှိခံစားရမည်သာဖြစ်ပါသည်။ ကချင် တစ်ကျပ်၊ ရှမ်း တစ်ကျပ်၊ ချင်း တစ်ကျပ်၊ ဗမာ တစ်ကျပ် စသည်ဟူ၍ မဖြစ်သင့်ပါ။ တိုင်းရင်းသား (လူမျိုးစု-၁၀၀ကျော်) အားလုံး တန်းတူအခွင့်အရေး ရရှိသင့်ပါသည်။
ထို့ကြောင့် Stateless တိုင်းရင်းသားများ၏ ဆန္ဒကို တင်ပြလိုသည်မှာ- ကချင်ပြည်နယ်၏ မြေကြီး တစ်လက္မ ကိုသော်လည်းကောင်း၊ ရှမ်းပြည်နယ်၏ မြေကြီး တစ်လက္မကိုသော်လည်းကောင်း၊ အခြားသော ချင်း၊ ကရင်၊ ကယား၊ မွန်၊ ရခိုင် စသည့်ပြည်နယ်တိုင်းဒေသကြီးတို့၏ မြေကြီး တစ်လက္မကိုသော်လည်းကောင်း၊ ပြည်ပ ပယောဂ များကြောင့် ဆုံးရှုံးဘွယ်ရာ အန္တရာယ်ကြုံတွေ့လာပါက ပြည်နယ်ရှိတိုင်းရင်းသားများကဖြစ်စေ၊ ပြည်နယ်မရှိ တိုင်းရင်းသားများက ဖြစ်စေ တိုင်းရင်းသားအားလုံး ၀ိုင်းဝန်းကာကွယ်ရမည်သာဖြစ်သည်။ ကချင်ပြည်နယ်မြေကြီး ငါတို့နှင့်မဆိုင်၊ ရှမ်းပြည်နယ်မြေကြီး ငါတို့နှင့်မဆိုင်ဟူ၍ နေလို့မဖြစ်ပါ။ ထိုနည်းတူစွာ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်စသည်နှင့်တကွ တိုင်းဒေသကြီးအားလုံး၏ နယ်မြေများသည် ပြည်ပ ပယောဂ အန္တရာယ်ကြုံလာပါက State ရှိတိုင်းရင်းသားများနှင့် Stateless တိုင်းရင်းသားများပါ အားလုံး လက်တွဲညီညီ အန္တရာယ်ကို ကာကွယ်ရမည်သာဖြစ်သည်။

ဤသို့ဆိုလျှင်ကား- တိုင်းရင်းသားများ၏ စိတ်တွင် တစ်ပြေးညီ တည်ရှိစေရန်မှာ တိုင်းရင်းသား နာမည်ခံယူ ရရှိထားသော ပြည်နယ်အမည်များကို ပြောင်းလဲရန်လိုပါမည်။

ဒီမိုကရေစီ နိုင်ငံကြီးဖြစ်သော အမေရိကန်ပြည်ထောင်စုကို လေ့လာကြည့်လျင် တိုင်းရင်းသားများ၏ အမည်နာမများဖြင့် ပြည်နယ်သတ်မှတ်ထားခြင်း မရှိပါ။ ဒေသန္တရ ပထ၀ီမြေကြီး၏ အခေါ်အဝေါ်အရသာ သတ်မှတ်ထားသည်ကို တွေ့ရပါသည်။ အကြောင်းမှာ- တိုင်းပြည်၏ စီမံခန့်ခွဲရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့အတွက် အထောက်အကူပြုစေရန် တိုင်းရင်းသားလူမျိုးများ၏ အမည်နာမများကို အသုံးမပြုဘဲ ဒေသန္တရပထ၀ီမြေကြီးအရသာ ခေါ်ဝေါ်သတ်မှတ်ထားသည်ကို လေ့လာ တွေ့ရှိရပါသည်။

ထို့ကြောင့် အမေရိကန်နိုင်ငံသားတို့သည် ပြည်နယ်စွဲ၊ ဒေသစွဲ မရှိကြဘဲ တစ်နိုင်ငံလုံးအပေါ်တွင် မိမိတို့နိုင်ငံဟူသော အသိစိတ်ဓါတ်ဖြင့် ဆောက်ရွက်ကြကြောင်း လေ့လာတွေ့ရှိရပါသည်။ ထိုနည်းတူ- ကျွန်ုပ်တို့ နိုင်ငံရှိ ပြည်နယ်များကိုလည်း ကချင်ပြည်နယ်ဟူသော အမည်နာမအစား ဒေသခံတိုင်းရင်းသားများနှင့်သက်ဆိုင်သည့် အမည်နာမ တစ်ခုခုကိုသော်လည်းကောင်း၊ ချင်းပြည်နယ်ဟူသော အမည်နာမအစား ယင်းဒေသခံတိုင်းရင်းသားများနှင့် သက်ဆိုင်သည့် အမည်နာမ တစ်ခုခုကိုသော်လည်းကောင်း အစရှိသည့် ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်တို့ကိုလည်း ဒေသခံ တိုင်းရင်းသားများနှင့်သက်ဆိုင်သည့် အမည်နာမ တစ်ခုခုပြောင်းလဲခေါ်ဝေါ်လျှင် State ရှိ တိုင်းရင်းသားများနှင့် Stateless တိုင်းရင်းသားများပါ တန်းတူညီမျှ တရားမျှတစွာ အကျိုးခံစားခွင့်ရရှိကြမည်ဖြစ်၍ အားလုံး ၀မ်းပန်းတသာ ကြိုဆိုကြမည်ဖြစ်ပါသည်။ အန္တရာယ်ကြုံလာပါကလည်း တစ်စိတ်တစ်ဝမ်းထဲ ပူးပေါင်း ကာကွယ်နိုင်ကြမည်ဟူ၍ ယုံကြည်ပါသည်။

တိုင်းရင်းသားများအားလုံး ဤအမြင် တူညီနိုင်ကြပါစေ-ဟု ဆုတောင်းလျက်-

ရေသားသူ- မောင်ငွေဗျိုင်း (မိုးညှင်း)

No comments:

Post a Comment