![]() |
မြစ်ကြီးနားမြို့၊ ၀န်းသိုကျောင်း ဆရာတော်ကြီး |
ပေါကြွယ်ဝသော သဘာဝသယံဇာတ အရင်းအမြစ်များနှင့် လူမျိုး,ဘာသာ, ယဉ်ကျေးမှု, နယ်မြေဒေသ အမွေအနှစ်တို့ စုံညီလှသော ကချင်ပြည်နယ်မှာ ဒေသထွက် ရှားပါး ရတနာ (၁)ပါးဟု တင်စားလောက်သည့် သာသနာ့ အာဇာနည် သာသနာ့ဥသျှောင် ဘဒ္ဒန္တသီလ၀ံသ အမည်ရသော ဆရာတော်ကြီး တပါးရှိသည်။
ဆရာတော်ကြီးသည်
တိုင်းလိုင်(ရှမ်းနီ) နယ်မြေဒေသတစ်ခုဖြစ်သော ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ဆင်ဘိုဒေသ၊
ရှမ်းမျိုးနွယ်စု မိဘနှစ်ပါးမှ မွေးဖွားလာခဲ့ပြီး၊ ၁၉၄၇-ခုနှစ် နောက်ပိုင်း နှစ်ပေါင်း
(၆၀)ကျော် ကာလအတွင်း ရှမ်းမျိုးနွယ်စုများ
အများအပြားနေထိုင်သော ကချင်ပြည်နယ်မှာ ထင်ရှားသည့်
ဆရာတော်ကြီးလည်းဖြစ်သည်။
သက်တော်
(၈၈)နှစ် ပြည့်ရန် ရက်ပိုင်းမျှသာ လိုတော့သော အသက်အရွယ် ရှိသော ဆရာတော်ကြီးသည် ယနေ့အချိန်အထိ
သွားကျိုးခြင်း၊ မျက်စိမှုန်ခြင်း၊ မေ့လျော့ခြင်း မနေ့တနေ့က ကိစ္စမျိုးကိုပင် မဆိုထားဘိ
ငယ်ရွယ်စဉ်အခါက ကျင်လည်ကျက်စား၊ ဖြတ်သန်း၊ သိကျွမ်းခဲ့သော အကြောင်းအရာနှင့် ပုဂ္ဂိုလ်များကိုပင်
နာမည်၊ နေ့ရက်၊ ပုံသဏ္ဍာန်နှင့် အရေအတွက်တို့ပင် မှတ်မိသိရှိနေသောကြောင့် အံ့အားသင့်ဖွယ်ကောင်းလောက်အောင်
မှတ်ဉာဏ်၊ သမာဓိ အလွန်မတန် ကောင်းမွန်သော ဆရာတော်ကြီးတစ်ပါး ဖြစ်သည်ဟုပင် မှတ်ချက်
ပြုရပေလိမ့်မည်။
ဆရာတော်ကြီးသည်
မိမိနေထိုင်သီတင်းသုံး ဖြတ်သန်းခဲ့ရသော နေရာဒေသများ၌-
မှတ်ဉာဏ်၊
သီလ၊ သမာဓိနှင့် ဖြောင့်မတ်မှန်ကန်မှု၊ ပရိယတ္တိနှင့် သာသနာ့အကျိုးပြုလုပ်ငန်းများကို
အားကျိုးမာန်တက် လုပ်ကိုင်ဆောင်ရွက်မှု၊ လောကအကျိုး၊ သာသနာ့အကျိုးများကို
အားသွန်ခွန်စိုက် တစိုက်မတ်မတ် ဆောင်ရွက်မှု၊ သာသနာနှင့် ပက်သက်လာလျှင် ကမ္ဗည်းမှတ်တိုင်
စိုက်ထူရလောက်အောင် မိမိခန္ဓာနှင့် စိတ်အစဉ်ကို ဇွဲသတ္တိရှိရှိဖြင့် ဇွတ်နစ်ကာ ကြိုးပမ်းဆောင်ရွက်ခဲ့
ဆောင်ရွက်ခဲ့မှုတို့ကြောင့် သူတော်ကောင်းတ၇ားကို လက်ကိုင်ထားသူ၊ သာသနာမျက်နှာကိုသာ ကြည့်ပြီး
၊ မည်သူ့မျက်နှာကိုမှ မကြည့်တတ်သူ၊ ဟုတ်တိုင်းမှန်ရာကိုသာ
ဘွင်းဘွင်းလင်းလင်း ရှင်းရှင်းပြတ်ပြတ် ပြောဆိုတတ်သူအဖြစ် လူသိများခဲ့ပြီး ရဟန်းရှင်လူတို့၏
လေးစားကြည်ညို ခိုကိုးအားထားရာအဖြစ်နဲ့ ဆရာတော်ကြီး၏ လောက/ဓမ္မ အကျိုးပြု လုပ်ငန်းစဉ်တိုင်းမှာ
ထူးခြားလေးနက်ရာမှ ကချင်ပြည်နယ်နှင့် အောက်ပိုင်းနေရာဒေသတချို့မှာ သြဇာတိက္ကမ အလွန်ကြီးမားခဲ့သည်။
ထို့ကြောင့်ပင် အောက်ပိုင်းဒေသမှ ဆရာတော် သမားတော်ကြီးများက ဆရာတော်ကြီးအား ကချင်ပြည်နယ်
သံဃရာဇာ ဟုပင် အသိအမှတ်ပြုခြင်း ခံရပေသည်။
ဆရာတော်ကြီးသည် မန္တလေးမြို့၊ မြင်းဝန်မင်းကြီးကျောင်းတိုက်၊
အလယ်တိုက်ကြီးတွင် ၁၃၀၉-ခုနှစ်မှ ၁၃၂၉-ခုနှစ်ထိ (၁၉)နှစ်တိုင်တိုင် ပရိယတ္တိ စာသင်/စာချ သာသနာပြုလုပ်ငန်းများကို
ဆောင်ရွက်ရင်း၊ ဆရာဖြစ်သော မြင်းဝန်မင်းကြီးတိုက် တိုက်အုပ်၊ မဟာမြတ်မုနိဘုရားနှင့်
ဗိုလ်တထောင်ဘုရား၏ သြ၀ါဒါစရိယ ဘဒ္ဒန္တဇာဂရ မထေရ်မြတ်ကြီးနှင့် အတူ မန်း-ပြင်ဦးလွင်
ကားလမ်း ၂၁-မိုင်စခန်းတွင် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာ မဟာဗောဓိသတ္တဋ္ဌာန
ဘုရားပုံတူ စေတီတော်ကြီးကို တည်ထားတော်မူနိုင်ခဲ့သည်။ ညီတော်ဖြစ်သော မြင်းဝန်မင်းကြီးတိုက်၊ ပိဋကတ်ကျောင်းဆရာတော်
ဘဒ္ဒန္တဥက္ကဋ္ဌာဘိဝံသနှင့် မန္တလေးမြို့၊ အရှေ့တောင်မြို့နယ် သာသနာရေးရာ ကိစ္စရပ်များကို
ဓမ္မ၀ိနယနှင့် အညီ ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်တော်မူနိုင်ခဲ့သည်။
ထို့နောက်
- ကချင်ပြည်နယ် နမ္မတီးမြို့တွင် ၁၃၃၀-ခုနှစ်မှ ၁၃၃၇-ခုနှစ်ထိ (၈)နှစ်တိုင်တိုင် သာသနာ့အကျိုးပြု
လုပ်ငန်းများကို ဆောင်ရွက်တော်မူရင်း ၁၃၃၈-ခုနှစ်တွင် မြစ်ကြီးနားမြို့ ဓမ္မရက္ခိတ၀န်းသိုကျောင်းတိုက်သို့
ရောက်ရှိကာ မင်းကွန်းတိပိဋက ဆရာတော်ကြီးနှင့်အတူ ဂိုဏ်ပေါင်းစုံ သံဃအစည်းအဝေးနှင့်
နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်များ ပေါ်ပေါက်လာရေးတို့ကို ဆောင်ရွက်ခဲ့ပြီး အထက်မြန်မာပြည်
သာသနာရေးရာကိစ္စရပ်များကို တာဝန်ယူဆောင်ရွက်ရင်း ကချင်ပြည်နယ် ၊ တိဗက်လူမျိုးများရှိရာ
တဟွန်းဒမ်းဒေသများအထိပါ သာသနာ့အကျိုးပြု လုပ်ငန်းများ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည်။
ဆရာတော်ကြီးသည်
မြစ်ကြီးနားမြို့ ဓမ္မရက္ခိတ၀န်းသိုကျောင်းတိုက်တွင် သီတင်းသုံးနေထိုင်ရင်း သာသနာ့အကျိုးပြု၊
လောကအကျိုးပြု လုပ်ငန်းများကို ဆောင်ရွက်နေလျက်ရှိရာ ၁၃၇၅-ခု၊ တန်ဆောင်မုန်းလဆန်း(၁)
ရက်၊ ၂၀၁၃၊ နိုဝင်ဘာလ (၃)ရက်နေ့တွင် သက်တော် (၈၈)နှစ် ပြည့်မြောက်မည်ဖြစ်ပါသည်။
ဆရာတော်ကြီး၏
သက်တော်(၈၈)နှစ်မြောက် ၀ိဇာတမင်္ဂလာကို ခါတိုင်းနှစ်များလိုပဲ လူမျိုးပေါင်းစုံဖြင့်
စည်ကားသိုက်မြိုက်စွာ ကျင်းပမှာဖြစ်ပြီး ဆရာတော်ကြီး သက်တော် (၈၈)နှစ်မှသည် နှစ်ပေါင်း
(၁၀၀)ကျော်တိုင်အောင် သက်ရှည် ကျန်းမာပြီး လောက၊ ဓမ္မအကျိုးများကို ထမ်းဆောင်နိုင်ပါစေလို့
ဆန္ဒပြုရင်း ဂုဏ်ပြုရေးသား ပူဇော်လိုက်ပါသည်။
No comments:
Post a Comment