Friday, October 11, 2013

ပြည်ထောင်စု ငြိမ်းချမ်းဖော်ဆောင်ရေးကော်မတီသို့ ကချင်ပြည်နယ်အတွင်း အသွင်းခံရသော ရှမ်းနယ်မြေများနှင့် ပက်သက်၍ ဒေသခံရှမ်းမျိုးနွယ်စုများ၏ သဘောထားဆန္ဒ တင်ပြ တောင်းဆို


ပြည်ထောင်စုငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီသို့ ကချင်ပြည်နယ်အတွင်း အသွင်းခံရသော ရှမ်းနယ်မြေများနှင့် ပက်သက်၍ ဒေသခံရှမ်းမျိုးနွယ်စုများ၏ သဘောထားဆန္ဒ တင်ပြ တောင်းဆိုမှုကို အောက်တိုဘာလ (၆) ရက်နေ့ တင်ပြ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ဒေသခံ ရှမ်းမျိုးနွယ်စုများ၏ သဘောထားဆန္ဒ တင်ပြတောင်းဆိုသော စာတွင် - - -

၁။ ကချင်ပြည်နယ်ဟု ခေါ်တွင်သော ဤပြည်နယ်ကို ၁၉၄၈-ခု၊ ဇန်န၀ါရီလ (၁၀) ရက်နေ့တွင်မှ ကချင်ပြည်နယ်ဟု စတင်သတ်မှတ်ခဲ့ပါသည်။ ရှမ်းမျိုးနွယ်စုများသည် ကချင်ပြည်နယ်၏ မြေပြန့်ဒေသတစ်ခုလုံးတွင် နေထိုင်လာခဲ့ကြသည်မှာ နှစ်ပေါင်း ထောင်ချီကြာမြင့်ခဲ့ပြီဖြစ်ကြောင်း ရှေးဟောင်း ရှမ်းမင်းထောင်များ၏ သမိုင်းအထောက်အထားများက

သက်သေခံလျက်ရှိပါသည်။

၂။ ယခင် ဖဆပလပါတီခေါင်းဆောင်တချို့နှင့် ကချင်လူမျိုး ဒူးဝါးအချို့တို့၏ အကြပ်ကိုင် ဖိအားပေးမှုဖြင့် ရှမ်းနယ်မြေများကို မိမိတို့၏ သဘောထားဆန္ဒမပါပဲ ကချင်ပြည်နယ်အတွင်းသို့ သွင်းခဲ့ကြပါသည်။ ကချင်ပြည်နယ်အတွင်းရှိ လူဦးရေ၏ ထက်ဝက်ကျော်သည် ရှမ်းမျိုးနွယ်စုများ ဖြစ်နေကြခြင်းက သက်သေအထောက်အထားတစ်ခု ဖြစ်ပါသည်။

၃။ ၁၉၆၁-ခုမှ စတင်ခဲ့သည် KIA ကချင်လွတ်မြောက်ရေး စစ်ပွဲနှင့် ပက်သက်၍ တစုံတရာ ဝေဖန်ပြောကြားလိုခြင်းမရှိသော်လည်း KIA၏ တော်လှန်ရေး စစ်ပွဲများကြောင့် အေးချမ်းစွာနေထိုင်၍ အကြမ်းမဖက် လက်နက်မဲ့ လူမျိုးများနှင့် ငြိမ်းချက်စွာ အတူယှဉ်တွဲ နေထိုင်ရေး စရိုက်လက္ခဏာရှိသည့် ရှမ်းလူမျိုးများအတွက် ဒုက္ခပင်လယ် ဝေစေခဲ့ပါသည်။ (၁၇)နှစ်ကြာ အပစ်အခတ်ရပ်စဲထားသော ကာလမှာပင် ရှမ်းမျိုးနွယ်စုများ နေထိုင်ရာ ရှမ်းမြို့၊ ရှမ်းရွာများတွင် အဓမ္မအနိုင်ကျင့်ခြင်း၊ ရိက္ခာ၊ စက်ကြေး စုဆောင်းခြင်း၊ စစ်သားသစ် စုဆောင်းခြင်း ဒဏ်ကို ဆက်လက်ခံစားနေဆဲ ဖြစ်သည်။

၎။ ၂၀၁၁ ၊ ခု၊ ဇွန်လမှ ပြန်လည်စတင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် KIA တို့အကြား တိုက်ပွဲများသည် ပိုမိုပြင်းထန်လာခဲ့သဖြင့် ရှမ်းမျိုးနွယ်စုများသည် အ၀တ်တစ်ထည် ကိုယ်တစ်ခုဖြင့် လယ်ယာအိုးအိမ် များနှင့်အတူ ဆွေစဉ်မျိုးဆက် နေထိုင်လာခဲ့သော ရပ်ရွာနယ်မြေဒေသများကို စွန့်ခွာ ထွက်ပြေးကြရပြန်သည်။ စစ်ပွဲများကြာလာသည်နှင့်အမျှ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ကြသော ရှမ်းမျိုးနွယ်စု စစ်ရှောင်ဒုက္ခသည်များသည် နီးစပ်ရာ ဆွေးမျိုးများ ရှိရာနှင့် IDP CAMP များတွင် ထွက်ပြေးတိမ်းရှောင်နေကြသည်မှာ နှစ်နှစ်ကျော် ကာလရှိပြီဖြစ်သည့် ယနေ့အချိန်အထိပင် ဖြစ်သည်။

၅။ သို့ပါသောကြောင့် ရှမ်းလူမျိုးများသည် ငြိမ်းချမ်းရေးကို လိုချင်တပ်မက် တောင့်တနေသူများဖြစ်ပါသည်။ ကချင်ပြည်နယ်အတွင်းရှိ ရှမ်းမျိုးနွယ်စုအားလုံးကို ကိုယ်စားပြုသည့် ကချင်ပြည်နယ် ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့သည် စစ်ဘေးရှောင် ရှမ်းလူမျိုးများ မိမိတို့၏ နေရပ်ဒေသသို့ အေးချမ်းးစွာ ပြန်လည်နေထိုင်ရေးအတွက် နှစ်ဖကသော ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးအဖွဲ့တို့အား အောက်ပါအချက်များကို လေးနက်စွာ တောင်းဆိုပါသည်။

(က) KIA နှင့် အစိုးရတပ်တို့အကြား အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးကိစ္စကို အမြန်ဆုံး အကောင်အထည်ဖေါ် လက်မှတ်ရေးထိုးရန်

(ခ) လူနေဒေသနှင့် လယ်ယာမြေများပါ မကျန် နှစ်ဖက်လက်နက်အဖွဲ့တို့ မှ မြုပ်နှံထားသော မိုင်းများ ၊ ပေါက်ကွဲစေတတ်သော လက်နက်ခဲယမ်းများ ဖယ်ရှားရှင်းလင်းပေးရန်

(ဂ) IDP CAMP များအတွက် အကူအညီ အထောက်အပံများ ပြည်နယ်အတွင်းသို့ ရောက်ရှိလာပါက အခြားသော တိုင်းရင်းသားများနည်းတူ ထပ်တူညီစွာ ရရှိခံစားခွင့်ပေးရန်။

(ဃ) တည်ငြိမ်အေးချမ်းသောဘ၀များ ပြန်လည်ထူထောင်ရာတွင်အသက်အိုးအိမ် စည်းစိမ်များ လုံခြုံမှု ရရှိခွင့်၊ လွတ်လပ်စွာ စီးပွားရှာခွင့်နှင့် ကူးသန်းရောင်းဝယ်ခွင့်ပေးရန်

(င) ကချင်ပြည်နယ်အတွင်းရှိ ရှမ်းမြို့၊ ရှမ်းရွာများထံမှ ဆက်ကြေးကောက်ခံခြင်း၊ ရိက္ခာစုဆောင်းခြင်း၊ တပ်သားသစ် စုဆောင်းခြင်းနှင့် အမျိုးသမီးများအား အဓမ္မပြုကျင့်ခြင်းကို မပြုလုပ်ရန်။

(စ) ကာယကံရှင်၏ ဆန္ဒမပါပဲ တပ်သားစုဆောင်းရန်အတွက် ဖမ်းဆီးခေါ်ဆောင်သွားသော ရှမ်းမျိုးနွယ်စုများအား အမြန်ဆုံးပြန်လွှတ်ပေးရန်။

(ဆ) တိုင်းရင်းသားမျိုးနွယ်စုများ၏ အခြေခံရပိုင်ခွင့်များကို အခြားတိုင်းရင်းသားများနှင့် တန်းတူညီမျှ ခံစားခွင့်ပေးရန် ။

(ဇ) နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းသူပြည်သားများ၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ပေးရန် ၀တ္တရားရှိသည်နှင့်အညီ ဒေသခံ ရှမ်းမျိုးနွယ်စုကျေးရွာများအား အပြည့်အ၀ကာကွယ်ပေးရန်။

(ဈ) နှစ်ဖက်တပ်နေရာ ချထားရေးနှင့် ပက်သက်၍ ဒေသခံပြည်သူများ၏ ဆန္ဒသဘောထား ရယူပြီး ညှိနှိုင်းဆောင်ရွက်ရန်။

(ည) စစ်ဘေးရှောင် ဒုက္ခသည်များနှင့် ပက်သက်၍ IDP CAMP များတွင် မပျော်ပါသော်လည်း အပစ်အခတ် ရပ်စဲရေးကာလတွင် မိမိဒေသသို့ ပြန်လည်သွားရောက် နေထိုင်နေကြသော ဒုက္ခသည်များအား နိုင်ငံတော်မှလည်းကောင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများမှလည်းကောင်း၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှလည်းကောင်း၊ ကူညီထောက်ပံ့သော အထေက်အပံ့များကို အချိုးညီစွာ ဝေမျှပေးရန် ဆိုပြီး အချက် (၁၀) တောင်းဆိုထားပါတယ်။

No comments:

Post a Comment