Monday, December 16, 2013

ကချင်ပြည်နယ် နေရာအနှံ့တွင် ကေအိုင်အေ(ကချင်)မှ လူသစ်စုဆောင်း၊ ဆက်ကြေးကောက် ရိက္ခာ စုဆောင်းခြင်းကို ကန့်ကွက်သည့်အနေဖြင့် ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့(ကချင်ပြည်နယ်)မှ ဆန္ဒဖော်ထုတ်ရန် သက်ဆိုင်ရာသို့ တင်ပြထား

ရှမ်းမျိုးနွယ်စု ရေးရာအဖွဲ့ ဒေသခံများနှင့် တွေ့ဆုံစဉ်

ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့(ကချင်ပြည်နယ်)မှ အဖွဲ့ခေါင်းဆောင် ဦးစိုင်းထိန်လင်းနှင့် အဖွဲ့ဝင်များသည် ဗန်းမော်ခရိုင် မံစီမြို့သို့ရောက်ရှိပြီး၊ ဒေသခံရှမ်းမျိုးနွယ်စုဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ကေအိုင်အေ(ကချင်)အဖွဲ့က ပြည်သူများအား ဖမ်းဆီးခေါ်ဆောင်ခြင်းကိစ္စဆွေးနွေးခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ(၄)ရက်၊ မွန်းလွဲ(၂)နာရီက မံစီမြို့နယ် ကျော်ခေါင်ရွာနှင့် မန်ဖွကျေးရွာအကြား စပါးချွေလှေ့နေသော အပြစ်မဲ့ပြည်သူ(၂၁)ဦး၊ ယခုလ(၇)ရက်နေ့ ညနေပိုင်းတွင် ကေအိုင်အေးအဖွဲ့က မံစီမြို့ အရှေ့မြောက်ဘက် တစ်မိုင်ခန့်အကွာတွင် ဖမ်းဆီးသွားသော

သိန်လင်ကျေးရွာနေ လူငယ်(၆)ဦးအပါ၊ ဒေသအသီးသီးမှ လူ(၃၇)ဦးခန့်ကိုလည်းကောင်း၊ နေစဉ်ရက်ဆက် ကားလမ်းဘေးတွင် စောင့်၍ သွားလာနေသော ဒေသခံပြည်သူများကို ဖမ်းဆီးခေါ်ဆောင်သွားလျှက်ရှိကြောင်း ဒေသခံတစ်ဦးမှ ပြောပြခဲ့သည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့အခြေစိုက် ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးခင်မောင်ကြည် က မံစီဒေသကို ကျွန်တော်တို့အဖွဲ့ သွားရောက်ပြီး၊ ဒေသရဲ့အခြေအနေကို အမှန်အတိုင်း သိရှိရန်အတွက် ဒေသခံ ရှမ်းမျိုးနွယ်စုများနှင့်တွေ့ဆုံခဲ့ပါတယ်။ ကျော်ခေါင်ရွာနှင့် မံဖွကျေးရွာကြားရှိ တောင်သူရှမ်းလူမျိုးတွေဟာ မိမိတို့ စားဖို့ စိုက်ပျိုးထားတဲ့ စပါးတွေကို ရိတ်သိမ်းပြီး၊ ချွေလှေ့ဖို့အတွက် တစ်ဦးနှင့်တစ်ဦး လုပ်အားအကူအညီရယူပြီး စုပေါင်းချွေလှေ့ကြပါတယ်။ အဲဒီအချိန်မှာ အဲဒီအချိန်မှာ ကေအိုင်အေတွေက စပါးချွေလှေ့နေကြတဲ့ မံဖွရွာသား(၂၁)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံခဲ့ရတယ်၊ အခိုဆိုရင် ဖမ်းဆီးခြင်း ခံရတဲ့ မိသားစုတွေဟာ ပူဆွေးသောက စိတ်ဒုက္ခတွေကို ခံစားနေရပြီး၊ သေလူတွေအဖြစ် သောကတွေကို ရင်မှာပိုက်ပြီး ငိုကြွေးနေကြတာကို ကိုယ်တိုင်ကြည့်ပြီး၊ ရင်ထဲမကောင်းဘဲ ကိုယ်တိုင်လည်း ၀မ်းနည်းမျက်ရည်လည်မိတယ်၊ အခုဆိုရင် ဘယ်သူမှ အပြင်မထွက်ရဲဘဲ စပါးပင်တွေ၊ ကောက်လိုင်းတွေနဲ့ စပါးချွေပြီးသားတွေဟာ ပိုင်ရှင်မဲ့ဘ၀ကို ရောက်ရှိလို့နေပါတယ်။

အဲဒီလို နေ့စဉ်ရက်ဆက် ဖမ်းဆီးနေခြင်းသည် ပြည်သူများ ၀မ်းစာအတွက် မိသားစုစားဝတ်နေရေး ဆောင်ရွက်နေသော လုပ်အားရှင်များ ဖမ်းဆီးခံရခြင်းသည် မိသားစုဘ၀ပျက်ရသည်နှင့်တူပါတယ်-ဟု ပြောပြခဲ့သည်။
ဆက်လက်ပြီး ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့၊ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးစိုင်းထွန်းရင်-က မံစီမြို့နယ်ရှိ ကျော်ခေါင်ရွာနှင့် မံဖွကျေးရွာအကြားတွင် တောင်သူရှမ်းလူမျိုးတွေ (၂၁)ဦး အဖမ်းခံရပြီးနောက်ပိုင်း ကေအိုင်အေတွေဟာ ဆက်တိုက် ရှမ်းလူငယ်တွေကို ကေအိုင်အေတပ်သားသစ်အဖြစ် ဖမ်းဆီးမှုတွေ ဆက်လုပ်လာတယ်၊ ကချင်ပြည်နယ် နေရာဒေသအနှံ့မှာ ဆက်ကြေးကောက်တာတို့ လူသစ်စုဆောင်းတာတို့၊ ရိက္ခာ စုဆောင်းခြင်းတွေကို ယခင်ကထက် ပိုမို လုပ်ဆောင်လာကြကြောင်း၊ အချို့ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ မန်ဝိန်းကြီးကျေးရွာ တစ်ဝိုက်မှာရှိတဲ့ ကျေးရွာ(၁၄)ရွာတွင် ကေအိုင်အေ(ကချင်)အဖွဲ့မှ တစ်ရွာလျှင်(၁၅)ဦးကျ ပေးရန် အကြောင်းကြားထားကြောင်း၊ မြစ်ကြီးနားမြို့နယ်၊ ဆင်ဘိုမြို့နယ်ခွဲတွင်လည်း ကျေးရွာတစ်ရွာလျှင် လူ(၃)ဦးကျပေးရန် အကြောင်းကြားထားကြောင်း သတင်းရရှိပါတယ်၊

ဒါကြောင့် ကျွန်တော်တို့ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့(ကချင်ပြည်နယ်)မှ ဦးဆောင်ပြီး၊ ဒီဇင်ဘာလ(၁၄)ရက်နေ့မှာ ငြိမ်းချမ်းစွာစီတန်း လှည့်လည်ခွင့်နှင့်စုဝေးခွင့် ဆန္ဒဖော်ထုတ်ဖို့ မြို့နယ်ရဲတပ်ဖွဲ့ထံ တင်ပြထားပြီးဖြစ်ကြောင်း၊ ဆန္ဒဖော်ထုတ်ဖို့ကို ကချင်ပြည်နယ်အတွင်းရှိ ရှမ်းမျိုးနွယ်စုများအားလုံးပါဝင်မှာဖြစ်ပြီး၊ ဒီဇင်ဘာလ(၂၀)ရက်နေ့ နံနက်(၉)နာရီတွင် မြစ်ကြီးနားမြို့-မြို့ဂုဏ်ရောင်ရုပ်ရှင်ရုံ-ဇော်ဂျွန်းလမ်းမ မှာစုရုံးပြီး ကေအိုင်အေဆက်ဆံရေးရုံးရှေ့သို့ သွားရောက်ပြီး ဆန္ဒဖော်ထုတ်ကြမှာပါ၊

ကျွန်တော်တို့ကို တားသလို ကေအိုင်အေ(ကချင်)အဖွဲ့ကိုလည်း တားဆီးဖို့လိုပါတယ်၊ ထောင်ကျရင် ပြန်လွှတ်ဖို့ရှိတယ်၊ ကေအိုင်အေ(ကချင်)အဖမ်းခံရရင် ပြန်လမ်းမရှိဘူး၊ သေလမ်းကိုသွားရသလိုဘဲ ခံစားရတယ်-ဟုပြောပြခဲ့သည်။

မင်းမင်း(မြစ်ကြီးနား)

No comments:

Post a Comment