Monday, December 16, 2013

မိုးညှင်းမြို့နယ်၊ နန်းမားကျေးရွာရှိ ဆန်စက်များအား KIA ကို ဆက်ကြေး တစ်သိန်းစီ ပေးဆောင်ရန် ဥက္ကဋ္ဌ ဦးမောင်ဌေးမှ ပြင်ဆင်ခိုင်းထား

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန်မားကျေးရွားရှိ ဆန်စက် ၄၀ ကျော်အား KIA ကို ဆက်ကြေးတစ်သိန်းစီ ပေးဆောင်ရန် ကျေးရွာ ဥက္ကဋ္ဌ ဦးမောင်ဌေးမှ နန်းမားကျေးရွာရှိ ဆန်စက်ပိုင်ရှင်များအား တိုးတိုးတိတ်တိတ် ပြင်ဆင်ခိုင်းထားကြောင်း ဆန်စက်ပိုင်ရှင်တစ်ဦးထံမှ သိရှိရသည်။

ဥက္ကဋ္ဌ ကနေပြီးတော့ ကျွန်တော်တို့ကို ကြိုတင်ရှာထားခိုင်းထားတာပါ၊ KIA က တောင်းလာရင်

အရန်သင့်ဖြစ်အောင်လို့ ဆိုပါတယ်။ မနှစ်ကတော့ တသိန်းပေးရပါတယ်။ KIA က ဥက္ကဋ္ဌဆီကို အကြောင်းကြားထားပြီးသားလားဆိုတာတော့ အတိအကျမသိပါဘူး၊ မြို့နယ်အခွန်ရုံးကို အခွန်ဆောင်ပြီးတော့ ဥက္ကဋ္ဌကြီးက တိုးတိုးတိတ်တိတ် ပြင်ဆင်ခိုင်းထားတာပါ။ မြို့နယ်အခွန်ရုံးကိုတော့ ကြိတ်ခွဲခ- ၂၇၅၀၀ နဲ့ အမြတ်ခွန် ၁၃၀၀၀ ပေးသွင်းရပါတယ်။ နန်မားကျေးရွာမှာ ရွာကကြီးတော့ ဆန်စက်အလုံးရေ ၄၀ ကျော် ၅၀ လောက်ရှိပါတယ်၊ ရွာရဲ့အရှေ့ဘက်ခြမ်းတွင် ဗမာ၊ ကချင်၊ တရုတ်လူမျိုးများ အများစုနေထိုင်ပြီး အနောက်ဘက်ခြမ်းတွင်တော့ ရှမ်းလူမျိုးများ အများစု နေထိုင်ပါတယ် လို့ ဆန်စက်ပိုင်ရှင်တစ်ဦးမှ ပြောကြားသည်။

အိမ်ခြေ ၁၅၀၀ ကျော်လောက်ရှိသော အဆိုပါ နန်းမားကျေးရွာသည် မိုးညှင်းမြို့နှင့် ၁၅ မိုင်ခန့်လောက်ဝေးပြီး ရွာ၏ အနောက်ဘက်တွင် အစိုးရစစ်တပ်နှင့် အရှေ့ဘက် လယ်ကွင်းများအကျော် ၃ ဖာလုံခန့်လောက်ဝေးသော တောင်တန်းများပေါ်တွင် KIA စစ်သားများ ပျောက်ကြားစနစ်ဖြင့် နေထိုင်ကျက်စားနေတာလည်းဖြစ်ပါတယ်။

နန်းမားကျေးရွာရဲ့ အခြေအနေနဲ့ ပက်သက်ပြီး - လောလောဆယ်တော့ အေးအေးဆေးဆေးပါပဲ၊ ဒါပေမဲ့ နည်းနည်း လူစုနေတယ်လို့တော့ ကြားနေရတယ်၊ အရှေ့ဘက် တောင်တန်းများဘက်ကနေ လူငယ်တွေ ပြန်လာနေကြတယ်လို့ အဆိုပါ ဆန်စက်ပိုင်ရှင်ကပဲ ပြောကြားခဲ့ပါတယ်။

No comments:

Post a Comment