မြစ်ကြီးနားမြို့၊ ၀န်းသိုကျောင်း၊ ရေဆိပ် |
မြစ်ကြီးနား-တာလောကြီး အမြန်ရေယာဉ်များ အသုံးပြုနေသော
ပမ္မတီးရေဆိပ်အစား ယခင်အသုံးပြုခဲ့သည့် ၀န်းသိုကျောင်းရေဆိပ်သို့ ပြန်လည်ဝင်ရောက်ဆိုက်ကပ်နိုင်ရေး
ပြည်နယ်အစိုးရက အမြန်ယာဉ် ခရီးစဉ်အားလုံး ဆိုက်ကပ်ခွင့်ပြုမိန့်မရ၍
တာလောကြီးဒေသခံပြည်သူများ ခရီးသွားလာရေးနှင့် ကုန်စည်ပို့ဆောင်ရေးကိစ္စရပ်များအတွက်
အခက်အခဲများ ဖြစ်နေတယ်လို့ သိရှိရပါတယ်။
မြစ်ကြီးနား-တာလောကြီး စက်လှေရေယာဉ်များသည်
မြစ်ကြီးနားမြို့၊ ၀န်းသိုကျောင်းရေဆိပ်ဆွင် အမြန်ရေယာဉ်များ မပေါ်ခင် (၁၆) နှစ်ခန့်လောက်မှစ၍
အနှေးယာဉ် သစ်သားခွန် စက်လှေကြီးငယ်များ ဆိုက်ကပ်ပြေးဆွဲခဲ့ပါတယ်၊ နောက်ပိုင်းတွင်
အမြန်ရေယာဉ်များ ပေါ်လာပြီး
၂၀၀၂-ခုမှ ၂၀၀၅-ခုနှစ်လောက်ထိ ၀န်းသိုကျောင်းရေဆိပ်တွင်
ဆိုက်ကပ်ပြေးဆွဲခဲ့ပါတယ်လို့ အမြန်ယာဉ်စက်လှေပိုင်ရှင် တစ်ဦးမှ ပြောပြသည်။
အဆိုပါ အမြန်ရေယာဉ်များကို
၂၀၀၆-ခုနှစ်၊ ကချင်ပြည်နယ်၊ အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်
တိုင်းမှူး ဗိုလ်ချုပ်အုန်းမြင့် လက်ထက်တွင် ၀န်းသိုကျောင်းရေဆိပ်သို့ ဆိုက်ကပ်ခွင့်မပြုတော့ဘဲ
ပမ္မတီးရေဆိပ်သို့ ပြောင်းရွှေ့ဆိုက်ကပ်ပြေးဆွဲစေခဲ့ပါတယ်၊ ဘာကြောင့်လဲ ဆိုတာတော့ အတိအကျ
မသိရပါဘူး၊ ဆိပ်ကမ်းညစ်ညမ်းတယ်၊ လူစုလူဝေးနဲ့ ဆူညံတယ်ဆိုပြီး ပြောင်းရွှေ့ခဲ့တာလို့တော့
ပြောသံကြားရပါတယ်ဆိုပြီး အဆိုပါ စက်လှေပိုင်ရှင်ကပဲ ပြောပြသည်။
ဝန်းသိုကျောင်းရေဆိပ်မှာဆိုရင်
ခရီးသည်တွေ၊ အရောင်းအ၀ယ်သမားတွေ၊ မကျန်းမာတဲ့သူတွေ အားလုံး အစစအရာအရာ အဆင်ပြေတယ်၊ ဈေးနဲ့လည်းနီးတယ်၊ ခရီးသွားလာရေး၊
သယ်ယူပို့ဆောင်ရေး၊ ရောင်းရေးဝယ်ရေး အားလုံးလွယ်ကူတယ်၊ ပမ္မတီးရေဆိပ်မှာဆိုရင် စက်ပစ္စည်းတစ်ခုခု
ဝယ်ချင်တာကအစ မြို့တက်ပြီး ၀ယ်ရတယ်၊ ခရီးသည်တွေကလည်း သုံးဘီးငှါးပြီး သွားစီးရတယ်၊
တခါတလေဆိုရင် မြို့ပတ်လမ်းက သွားရတာတွေရှိတယ်လို့ ခရီးသွားမိဘပြည်သူတစ်ဦးက ပြောကြားသည်။
မြစ်ကြီးနားမြို့၊ ဧရာဝတီမြစ် ၀န်းသိုကျောင်းရေဆိပ်သည်
ဝန်းသိုကျောင်းတိုက်ကြီး၏ အပိုင်ဧရိယာနယ်မြေအတွင်း၌ တည်ရှိပြီး၊ အမြန်ယာဉ်စက်လှေများကို
ဝန်းသိုကျောင်းတိုက်ဆရာတော်ကြီးမှ ဆိုက်ကပ်ခွင့်ပြုထားတယ်လို့ အမြန်ရေယာဉ် စက်လှေပိုင်ရှင်တစ်ဦးဖြစ်သူ
ဦးပြုံးမှ ပြောကြားသည်။ တာလောကြီး-မြစ်ကြီးနား အမြန်ရေယာဉ်အသင်းမှ အမြန်ရေယာဉ်များသည်
တာလောကြီးတိုက်နယ်က ခေါင်းဖူးဘုရား၊ ၀န်းသိုကျောင်းတိုက်နှင့် စာသင်ကျောင်းများအတွက်
လိုအပ်သည့် ဆောက်လုပ်ရေးပစ္စည်းများကို အခကြေးငွေမယူဘဲ သယ်ဆောင်ကူညီပေးနေသော အမြန်ယာဉ်များလည်း
ဖြစ်ပါတယ်။
No comments:
Post a Comment