Sunday, April 20, 2014

ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့(မြန်ပြည်မြောက်ပိုင်း)၏ နှစ်သစ်မင်္ဂလာ တိုက်တွန်းလွှာ

၁၃၇၆-ခုနှစ်၊ နှစ်ဆန်း(၁)ရက်နေ့

၁- ၂၀၁၄-ခု၊ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံမှုနှင့်ပတ်သက်၍ မိမိတို့၏ အယူအဆ အတွေးအခေါ် အမျိုးမျိုးတို့ကြောင့် စိတ်ဝမ်းကွဲပြားမှု ရှိကြသော်လည်း ယခုနှစ် နှစ်သစ်တွင် နားလည်ခွင့်လွတ်စိတ်ဖြင့် အမျိုးသားရေး ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပါသည်။

၂- တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး ဆွေးနွေးပွဲရလဒ်သည် နှစ်သစ်တွင် စာချုပ်ပါ သဘောတရားနှင့် လက်တွေ့ ကိုက်ညီရန် အထူးလိုအပ်ပါသည်။ ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ လုံးဝရပ်ဆိုင်းနိုင်မှသာ သဘောတရားနှင့် လက်တွေ့ ကိုက်ညီမှုရှိမည်ဖြစ်သည်။ ဒါကြောင့် စစ်ပွဲ မဖြစ်ရေးအတွက် ဒေသခံများ လူမျိုးမရွေး ပါဝင်တောင်းဆိုကြရန် တိုက်တွန်းပါသည်။

၃- ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်အတွင်း တိုက်ပွဲများကြောင့် စစ်ရှောင်ဒုက္ခသည်များ စားသောက် နေထိုင်ရေးအတွက် တစ်နိုင်ငံလုံးနှင့် နိုင်ငံတကာမှ ပါဝင်ကူညီပေးကြပါရန် လူမှုအဖွဲ့အစည်းများသို့ တိုက်တွန်းပါသည်။

၎- တိုက်ပွဲများကြောင့် တရုတ်ပြည်တွင်းသို့ ရောက်ရှိသွားသော စစ်ရှောင်ဒုက္ခသည်များအား တရုတ်အစိုးရနှင့် တရုတ်ပြည်တွင်းရှိ ရှမ်းမျိုးနွယ်စုများမှ ၀ိုင်းဝန်းကူညီ စောင့်ရှောက်ပေးကြပါရန် တိုက်တွန်းပါသည်။

၅- မူးယစ်ဆေးဝါးအန္တရာယ်ကြောင့် ဒေသခံ လူငယ်များ လူညွန့်တုံး၊ မျိုးပြုန်းစေမည့် ဘေးဆိုးကို အလေးအနက်ထား စဉ်းစားကြ၍ မူးယစ်ဆေးဝါး အသိပညာပေး၊ ကာကွယ်တားဆီး နှိမ်နင်းရေးတို့တွင် လူတိုင်း ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းပါသည်။

၆- မိမိတို့၏ ဆန္ဒမပါဘဲ KIAစစ်သားအဖြစ် ဖမ်းဆီးခံရသော လူငယ်များကို မိဘနှင့်သားသ္မီး ပြန်လည်တွေ့ဆုံနိုင်ရေး၊ မိသားစုစိတ်ချမ်းသာရေး၊ ပြန်လွတ်ပေးနိုင်ရေးတို့တွက် ဖမ်းဆီးခံ မိဘများနှင့်ပြည်သူလူထု တစ်ရပ်လုံးမှ KIOအဖွဲ့သို့ ၀ိုင်းဝန်းတောင်းဆိုကြရန် တိုက်တွန်းပါသည်။

၇- ဒေသခံပြည်သူများသည် မိမိတို့၏ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို ဖော်ထုတ်ရာတွင် ယခု နှစ်သစ်မှစ၍ လူသစ်စိတ်သစ်ဖြင့် မိမိတို့ကိုယ်တိုင်(သူတပါးကို အားမကိုးဘဲ) သမိုင်းပေးတာဝန်အဖြစ် တာဝန်သိသိ ၀ိုင်းဝန်းဆောင်ရွက်တတ်သော အလေ့အကျင့်များ ပြုစုပျိုးထောင် ဆောင်ရွက်ကြပါရန် တိုက်တွန်းပါသည်။

ဦးစိုင်းစန်းဝေ
ဒု-ခေါင်းဆောင်
ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့(မြန်ပြည်မြောက်ပိုင်း)
မြစ်ကြီးနား

No comments:

Post a Comment