![]() |
လယ်တီဆရာတော်ဘုရားကြီး သီးတင်းသုံးတော်မူခဲ့သည့် လက်ပတောင်းတောင်မှ စင်္ကြံဝါဆိုကျောင်း ပန်ချီကားပုံ |
လယ်တီဆရာတော်ဘုရားကြီးနှင့် လက်ပတောင်းတောင်
လက်ပတောင်းတောင်ကို လက်ပန်းတောာင်း၊ လက်ပန်တောင်း၊ လက်ပံတောင်း ဟူ၍ အမျိုးမျိုး ရေးသားခဲ့ကြသော်လည်း လက်ပတောင်းဟူ၍သာ ယနေ့တွင် အများက ရေးသားနေကြပါသည်။
အကျွန်ုပ်သည် တစ်နေ့ မုံရွာမြို့ မဟာလယ်တီကျောင်းတု
ိက်သို့ ရောက်ရှိသွားခဲ့ပြီး အောက်ပါ အချက်အလက်များကို ဆရာတော်တစ်ပါးထံမှ သိရှိခဲ့ရပါသည်။
ယခုတလောတွင် လက်ပတောင်းတောင်၌ လယ်တီဆရာတော်ဘုရားကြီး သီတင်းသုံးတော်မူခဲ့ဖူးသည်၊ သီတင်းသုံးတော်မမူခဲ့၊ ခေတ္တခဏရောက်ရှိ သီတင်းသုံးတော်မူခဲ့ဖူးသည်၊ တစ်ဝါ သီတင်းသုံးတော်မူခဲ့ဖူးသည်- စသည်ဖြင့် အမျိုးမျိုးပြောဆိုနေကြသည်၊ အထက်ပါ ငြင်းဆို ပြောဆိုနေမှုများကို သေချာဂန ရှင်းပြလိုသော စေတနာနဲ့
မုံရွာ (ကိုဦး)၏ (၂၀.၁၀.၂၀၁၂)နေ့တွင် ကျမ်းကိုး ကျမ်းကားများနှင့် ရေးသားထားသော စာတစ်ဆောင်ကို မဟာလယ်တီကျောင်းတိုက်မှ ဆရာတော်တစ်ပါး၏ ပြောပြချက်များနှင့်တကွ ပူးတွဲ တင်ပြပေးလိုက်ပါသည်။
အများသိရှိပြီး ဖြစ်ကြသည့်အတိုင်း လက်ပတောင်းတောင်သသည် မုံရွာမြို့၏ အနောက်ဘက် ချင်းတွင်းမြစ်ကမ်းမှ အနောက်ဘက် (၃)မိုင် ခန့်အကွာ ဆားလင်းကြီးမြို့နယ်တွင် တည်ရှိပါသည်။
လယ်တီဆရာတော်ဘုရားကြီးသည် ၁၂၆၅-ခုနှစ် ၀ါဆိုလဆန်းမှစ၍ ၁၂၆၅-ခုနှစ် တပေါင်းလဆန်းအထိ လက်ပတောင်းတောင်တွင် သီးတင်းသုံးနေတော်မူသွားခဲ့ပါသည်။ အဆိုပါ ကာလအတွင် လယ်တီဆရာတော်ဘုရားကြီး၏ သွားနေထိုင် လှုပ်ရှားမှုများ၊ စာပေရေးသားမှုများ၊ တရားဟောပြောမှုများကို တွေ့သိသမျှ ရေးသားတင်ပြအပ်ပါသည်။
၁၂၆၅-ခုနှစ်တွင် လယ်တီဆရာတော်ဘုရားကြီးသည် ပါဠိသဒ္ဒါနှင့်ပက်သက်လျှင် အားကိုးအားထားပြုရသည့် ခိုင်ခံ့သော နိရုတ္တိဒီပနီကျမ်းကြီးကို လယ်တီတိုက်တွင် ရေးသားပြီးစီးတော်မူခဲ့ပြီး၊
တရပ်တပါး အနားယူလိုတော်မူရန်နှင့် ဘာဝနာတရား ကျင့်ကြံအားထုတ်ရန်
ကြံစည်တော်မူဟန် တူခဲ့သောကြောင့် ၁၂၆၅-ခုနှစ် ၀ါဆိုလဆန်းတွင် လက်ပတောင်းတောင်၊ အမိန့်တော်ရ ရှေ့နေ ဦးကြော့၊ ဦးစံလင်းတို့ ဆောက်လုပ် လှူဒါန်းအပ်သော အတောင်(၆၀) ရှိသော ၀ါဆိုစင်္ကြံကျောင်းတွင်၌ (၃၈) ၀ါမြောက် ၀ါကပ်တော်မူခဲ့ပါသည်။
လယ်တီဆရာတော်ဘုရားကြီးနှင့်အတူ အရှင်ကိတ္တိ( နောင်-တိုင်းပြည်အကျိုးတောင် ဘွဲ့ရ ဆရာစိန်)၊ လယ်တီ အရှင်ပဏ္ဍိတ (နောင်-လယ်တီ ပဏ္ဍိတ ဦးမောင်မောင်ကြီး MA၊ ဆားထုံးရွာမှ အဘိဓမ္မာဆရာကြီး ဦးရောင်နီ၊ ရန်ကုန်မြို့ ပုဇွန်တောင်ရပ်မှ ဓါတ်ဆရာကြီး ဦးမြို့ တို့ လိုက်ပါခဲ့ကြပါသည်။ လက်ပတောင်းရွာ မစိုးရိမ်ကျောင်းမှ ဆရာတော် အရှင် ကေသရသည် လယ်တီဆရာတော်ကြီးထံသို့ မကြာခဏ ကြွရောက်လေ့ရှိခဲ့တယ်လို့ လည်း သိရပါသည်။
လက်ပတောင်းတောင်တွင် တောင်ထွဋ် (၃၃)လုံးရှိပြီး၊ ကျော်ရွာ၊ တောင်ပလူရွာ၊ ဆည်တဲရွာ၊ ၀က်မှေးရွာ၊ မိုးကြိုးပြင်ရွာ၊ တုံရွာ၊ ဖားကတာရွာ၊ ဆားထုံးရွာ၊ ဆားလင်းကြီးအစရှိသော ရွာများ ပတ်လည်ဝိုင်းလျက် ရျိပါသည်၊ လယ်တီဆရာတော်ဘုရားကြီးသည် အရှင်ကိတ္တိ အရှင်ပဏ္ဍိတတို့ နောက်ပါလျက် ကျော်ရွာ တောင်ပလူရွာ အစရှိသည့် ရွာများသို့ ဆွမ်းခံကြွလေ့ ရှိခဲ့ပါသည်။ ရံဖန်ရံခါ ဖိုဝင်တောင်ဘက်သို့ ကြွရောက်၍ ဘုရားဖူးခြင်း ၊ တရားဘာဝနာ အားထုတ်ခြင်း၊ လူပရိသတ်များအား တရားဘ၀နာ များ ဟောကြားချီးခြင့်ခြင်းတို့ ကို ပြုလုပ်လေ့ ရှိတယ်လို့လည်း သိရပါသည်။
ချင်းတွင်းမြစ် ကမ်းအနီးအနားနှင့် ပတ်ဝန်းကျင်၇ှိကျေးရွာများသို့လည်း တရားတော်များ သွားရောက် ဟောကြားတော်မူလေ့လည်း ရှိပါသည်။
လယ်တီဆရာတော်ဘုရားကြီးသည် လက်ပန်းတောင်းတွင် သီတင်းသုံးတော်မူစဉ် ကာလအတွင်း ရွှေချိန်ခွင် ရှင်းလင်းချက် စာတမ်း၊ သမ္မာဒိဋ္ဌိ ဒီပနီကျမ်း၊ စတုသစ္စဒီပနီကျမ်း(ပါဠိဘာသာဖြင့်)၊ ကမ္မဋ္ဌာန ဒီပနီကျမ်းတို့ကို ရေးသားပြုစုတော်မူခဲ့ပါသည်၊ ထိုအပြင် ဆရာတော်ဘုရားကြီး သီးတင်းသုံးတော်မူရာ နေရာများတွင် ကျောင်းဆောက်လုပ်ခြင်း၊ သိမ်တည်ဆောက်ခြင်း၊ ဘုရားတည်ခြင်း၊ ရေတွင်းရေကန်များ ပြုပြင်ခြင်း၊ သစ်ပင်ပန်းမန်များ စိုက်ပျိုးခြင်း စသည်တို့ကို ဆက်လက်လုပ်ဆောင် ပြုစုခဲကြရာ ဘုရား၊သိမ်၊ ကျောင်း၊ ဇရပ် သစ်ပင်ပန်းမန်များဖြင့် စည်ပင်ဖျာဝေခဲ့ပါသည်။
သို့ဖြစ်ပါ၍ လယ်တီဆရာတော်ဘုရားကြီးနှင့် စပ်သမျှ ရှေးဟောင်းနေရာဒေသတိုင်းမှာ ဗုဒ္ဓသာသနာဝင် သမိုင်းမှတ်တိုင်များ ဖြစ်ကြသဖြင့် ဗုဒ္ဓဘာသာဝင်တို့သည် မမေ့မပျောက် ဆက်လက်ထိန်းသိမ်းစောင့်ရှောက် သင်လှပေကြောင်း စေတနာစကားဖြင့် တင်ပြလိုက်ရပါသည်။
အောက်ပါ ပုံသည် လယ်တီဆရာတော်ဘုရားကြီး သီးတင်းသုံးတော်မူခဲ့သည့် လက်ပတောင်းတောင်မှ စင်္ကြံဝါဆိုကျောင်း ပန်ချီကားပုံဖြစ်ပါသည်၊ ယခုတွင် တော့ ကြေးနီစီမံကိန်းကြောင့် ပျက်စီးယိုယွင်း ထိခိုက်သွားခဲ့သည်ဟု သိရပါသည်။

No comments:
Post a Comment