Saturday, March 2, 2013

(၇၄) နှစ်မြောက် မန္တလေးအာဇာနည် (၁၇) ဦး ကျဆုံးခြင်း အထိမ်းအမှတ်



“အာဇာနည် အပေါင်းသည်
လွတ်လပ်သော ယဇ်ပလ္လင်တွင်
သူတို့၏ အသက်သွေးကို
တွန့်ဆုတ်ခြင်းကင်းစွာဖြင့် စတေးပေးလှူခဲ့ကြကုန်၏”
ဤမှန်ကန်သော သစ္စာစကားကြောင့်
အမိနိုင်ငံတော်သည်
ရာဟုခံတွင်း အမှောင်တွင်းမှ လွတ်ကင်းပါစေသတည်း။
  ၁၃၇၄-ခုနှစ်၊ တပိုတွဲလပြည့်ကျော်(၇)ရက်၊ (၄-၃-၂၀၁၃)

= ဒီနေ့လူကြီးမင်းတို့ရဲ့ ကားကြီးကားကောင်းတွေ စက္ကန့်မလပ် ကျော်နင်းသွားလာနေကြတဲ့ ၂၆ဘီလမ်းဆိုတဲ့ မန္တလေးမြို့ အူလမ်းကြောင်းလမ်းမကြီးဟာ လွတ်လပ်ရေးမုခ်ဦးဆီကို သွားဖို့ သူ့ကြောပြင်ကြီးကို ခင်းပေးခဲ့တယ်ဆိုတာ။

= တိုင်းပြည်နဲ့လူမျိုး သူ့ကျွန်ဘ၀က လွတ်မြောက်ရေးအတွက် တော်လှန်ရေးခရီးကို အောင်လံတွေလွှင့်ထူ၊ ခေါင်းမော့ ရင်ကော့ ချီတက်ရင်း၊ နယ်ချဲ့သမားရဲ့ သေနတ်ပြောင်းတွေကို အာဇာနည်စိတ်ဓါတ်နဲ့  တည့်တည့်ရင်ဆိုင် သွေးဖြိုင်ဖြိုင် ကျဆင်းခဲ့ရတာ ဟောဒီ…၂၆ဘီလမ်း။

= မန္တလေးအာဇာနည် (၁၇) ဦးရဲ့သွေးတွေနဲ့ စွန်းထင်းပေကျံခဲ့တဲ့ လမ်းမကြီး။ ဇောချွေးတွေ မျက်ရည်တွေနဲ့ စိုစွတ်ခဲ့တဲ့လမ်းမကြီး။ အံကြိတ်သံ ကြုံးဝါးသံ တက်ခေါက်သံတွေနဲ့တွေနဲ့  ဆူညံမြည်ဟိန်းခဲ့တဲ့ လမ်းမကြီး။

= ဒါကြောင့် မန္တလေးပြည်သူတွေက … ဒီလမ်းမကြီးကို တညီတညွှတ် တခဲနက်အမည်ပေးခဲ့ကြတယ်။ အာဇာနည်လမ်း… အာဇာနည်လမ်းတဲ့။ အခုတော့ …

= အတိတ်သမိုင်းကို မေ့လျော့တတ်ကြတဲ့ လူမျိုးတွေဟာ သမိုင်းမှာ ဘယ်တော့မှ ရှေ့တန်းကို မရောက်နိုင်ဘူး။ သမိုင်းမှာ မေ့လျော့ခြင်းခံခဲ့ရတဲ့ နိုင်ငံရေး သုခမိန်ကြီးတစ်ဦးက သည်လိုမိန့်မှာခဲ့ဖူးတယ် “A certain people did not become a great nation, because they had failed to Exploit their historical opportunities” တဲ့။

= အို…ပြည်သူတို့ အတိတ်သမိုင်းကို မမေ့ကြကုန်လင့်။ ဂုဏ်ပြု အလေးပြုထိုက်သူ အပေါင်း၏ ကျေးဇူးကို မပြတ်နှလုံးသွင်းကြကုန်လော့။

= ဒီကမ္ဘာပေါ်မှာ ဖိနှိပ်မှုတွေ ရှိနေသမျှ အုံကြွတော်လှန်မှုတွေလည်း အမြဲမပြတ်ရှိနေပါလိမ့်မည်။ ဒါဟာ … လောကသစ္စာတစ်ရပ်ပင် မဟုတ်ပါလော။

= ၁၉ ရာစုနဲ့ ၂၀ ရာစု အစောပိုင်းကာလတွေမှာ အင်္ဂလိပ်နယ်ချဲ့ ကိုလိုနီစနစ်ကြီး ထကြွသောင်းကျန်းခဲ့ဖူးသည်။ ထိုအခါ ကမ္ဘာအနှံ့ အုံကြွတော်လှန်မှုတွေလည်း အတောမသတ် ဖြစ်ခဲ့ရသည်။ မြန်မာနိုင်ငံတွင် အမျိုးသား အချုပ်အခြာအာဏာဆုံးရှုံးမှုနှင့် အတူ အုံကြွတော်လှန်မှုများလည်း တဆက်တည်း ပေါ်ပေါက်ခဲ့သည်။ ဗိုလ်မင်းရောင်အစ၊ ဗိုလ်ရာညွှန့်အလယ်၊ ၀န်းသိုစော်ဘွား ဦးအောင်မြတ်အဆုံး တောင်ပေါ်မြေပြန့် ရေတွက်ခြင်းငှါ မစွမ်းသာသော အာဇာနည်သူရဲကောင်းတို့ အသက်သွေးတွေ စတေးပေးဆပ်ခဲ့ကြသည်။ ဒါက …. လက်နက်ကိုင် တော်လှန်ရေး ကာလများ။ ၁၉၀၀ခုနှစ်အလွန်မှာတော့ လက်နက်ကိုင်တော်လှန်ရေးရဲ့ အခန်းကဏ္ဍ ကျဆင်းခဲ့ရပြီး ဥပဒေတွင်း လူထုတိုက်ပွဲပုံသဏ္ဌာန်သို့ ပြောင်းခဲ့ကြပြန်သည်။

= ဖိနပ်ပြဿနာတိုက်ပွဲ၊ Home Rule ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုက်ပွဲ၊ ၀ံသာနုတိုက်ပွဲ၊ ကိုလိုနီပညာရေးတိုက်ပွဲ၊ သည်တိုက်ပွဲတွေက ဥပဒေဘောင်အတွင်းက လူထုအခြေပြု တိုက်ပွဲတွေ။

= ဥပဒေတွင်း တိုက်ပွဲတွေ ခရီးမတွင်ပြန်တော့ ၁၉၃၀ တောင်သူလယ်သမား လက်နက်ကိုင် တော်လှန်ရေးကြီးဖြင့် လက်နက်ကိုင်တော်လှန်ရေး လမ်းစကို  ပြန်ဖော်ကြပြန်သည်။ မည်သည့်တိုက်ပွဲ ပုံသဏ္ဌာန်ဖြင့် တိုက်သည်ဖြစ်စေ တိုက်ပွဲပုံသဏ္ဌာန်ကို ဖြစ်ပေါ်စေသူက ဖိနှိပ်သူသာဖြစ်သည်။ ဒါကလည်း တော်လှန်ရေးရဲ့ သစ္စာတရားတစ်ခုပင်။

= ၁၉၃၈ ကာလကား နယ်ချဲ့ဆန့်ကျင်ရေးမှ အမျိုးသားလွတ်မြောက်ရေးသို့ ဦးတည်သောတိုက်ပွဲ ဒီရေမြင့်လာချိန်ဖြစ်သည်။ တောင်သူလယ်သမား၊ အလုပ်သမား၊ ကျောင်းသား၊ လက်လုပ်လက်စားပြည်သူတို့ တိုက်ပွဲတပ်ဦး ရှေ့သို့ ထွက်လာကြသည်။ နယ်ချဲ့သမလားဖက်ကလည်း ဖိနှိပ်ရေး ဥပဒေမျိုးစုံသုံးသည်ကအစ …. သွေးထိုးလှုံ့ဆော် ဖြိုခွဲမှုအလယ်…. အကြမ်းဖက်တွေအဆုံး၊ နည်းမျိုးစုံ သုံးလာခဲ့သည်။ မြန်မာပြည်သူဖက်က လူထုတိုက်ပွဲနည်းဗျူဟာ၊ နယ်ချဲ့သမားဖက်က အကြမ်းဖက်မှု နည်းဗျူဟာ၊ ဤသို့ လူ့စည်းဘီလူးစည်း ကွဲခဲ့ပြီ။

= ဤသို့ဖြင့် သမိုင်းတွင်ရစ်မည့် ၁၃၀၀ ပြည့် ပြည်သူ့အရေးတော်ပုံကြီး ပေါက်ကွဲခဲ့သည်။ အရေးတော်ပုံ၏ တပ်ဦးမှ ချီတက်နေသော ကျောင်းသားထုကို အတွင်းဝန်များ ရုံးရှေ့တွင် နယ်ချဲ့ဘက်သား အစိုးရ( ဘမော်အစိုးရ)က အကြမ်းဖက်ရာ ကျောင်းသားရဲဘော် ဗိုလ်အောင်ကျော် ကျဆုံးပြီး ကျောင်းသူ/သား ၂၀၀ကျော် ဒဏ်ရာရခဲ့ကြသည်။ ၁၉၃၈ ဒီဇင်ဘာ ၂၀ ရက် ဤကျောင်းသားတွေ သွေးမြေကျမှုက မြန်မာတမျိုးသားလုံး၏ နှလုံးသားကို ဆုပ်ညှစ်လိုက်သည်။ “အခဲမကြေနိုင်စရာ အရပ်ရပ် အရွာရွာဆီ သည်းရွှေဆိုင်မှာ ဆတ်ဆတ်နာခဲ့ကြလေပြီ”။

= အမျိုးသားရေးနှင့် ပက်သက်လာလျှင် မနှောင့်နှေးတတ်ကြသော မန္တလေးသံဃာထုနှင့် မန္တလေးလူထုသည် ၁၉၃၈ ဒီဇင်ဘာ ၃၁ရက်နေ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂအဖွဲ့ချုပ်မှ  ထုတ်ပြန်လိုက်သော ဆုံးဖြတ်ချက်ကို ထောက်ခံသည့်အနေနှင့်  မန္တလေးအိမ်တော်ရာ ဘုရား(မဟာလောကရံသီ) ၁၄ ခန်း ဇရပ်ကြီးတွင် လူထုအစည်းအဝေးပွဲကြီး ကျင်းပကြသည်။ ရဟန်းတော်များ၊ ကျောင်းသားများ၊ မြို့သူ/သားများ လူ ၂၀၀၀၀ ခန့် ရှိသော လူထုကြီး အရေးကြီးသော ဘာသာရေး၊ နိုင်ငံရေး ဆုံးဖြတ်ချက်များ ချမှတ်ခဲ့သည်။

= ဗုဒ္ဓ၀တ္တကမြေပေါ် ဖိနပ်မစီးရန်၊ ရန်ကုန်တက္ကသိုလ်ကျောင်းသားများအပေါ် အကြမ်းဖက်မှုကို အရေးယူပေးရန်၊ လူထုလွတ်မြောက်ခွင့်၊ ချုပ်ချယ်သည့်ပုဒ်မ ၁၄၄ကို ဖျက်သိမ်းပေးရန်။

= ၁၉၃၉ ဖေဖေါ်ဝါရီလ ၁၀ ရက် (တပိုတွဲလပြည့်ကျော် ၇ ရက်) နံနက် ၁၀ နာရီတွင် အိမ်တော်ရာ ဘုရားရင်ပြင်တော်တွင် လူထု (၁)သိန်းကျော် စုဝေးမိကြသည်။ ဖိနှိပ်ချုပ်ချယ်ရေး ပုဒ်မ ၁၄၄ ကို ချိုးဖောက်ပြီး ငြိမ်းချမ်းစွာ လမ်းလျှောက်ချီတက် ဆန္ဒပြကြရန် တခဲနက် ဆုံးဖြတ်ကြသည်။

= နေ့လည် ၂ နာရီခန့်တွင် အိမ်တော်ရာဘုရား မြောက်မုခ်မှထွက်ခွာပြီး ၂၆ ဘီလမ်းအတိုင်း အရှေ့သို့ ချီတက်ကြသည်။ လူထုတပ်ဦးတွင် ရဟန်းတော်များ၊ ကျောင်းသားလူငယ်များက ၀ါစိမ်းနီ ကဒေါင်းအလံတော်များ၊ ၀ါစိမ်းနီတူ တံဇင်အလံတော်များကို လွှင့်ထူထားကြသည်။

= လူထုတပ်ဦး ကြေးနန်းရုံးရှေ့အရောက်တွင် အရေးပိုင် မစ္စတာလတ်နှင့် ရာဇ၀တ်ဝန်ကြီး မစ္စတာရိန်းတို့ ဦးဆောင်သည့် ရဲလက်နက်ကိုင် တပ်ဖွဲ့များက စတင်ပစ်ခတ်ကြသည်။ ၂၆ လမ်း၊ လမ်း ၈၂/၈၃ လမ်းကြားတွင် လည်းကောင်း၊ ၂၆ လမ်း ၈၀/၈၁ လမ်းအကြားတွင်လည်းကောင်း သံဃာတော် (၇)ပါးနှင့် လူပုဂ္ဂိုလ် (၁၀) ဦး ကျဆုံးခဲ့ရသည်။

= မန္တလေးလူထုက ကျဆုံးခဲ့ရသူ အာဇာနည် ၁၇ ဦးကို “နေမျိုးမဟာသီဟသူရ” ဘွဲ့အပ်နှင်း၍ ဗိုလ်ဘွဲ့တပ်ခါ အာဇာနည် ၁၇ ဦး၏ ရုပ်ကလာပ်များကို အိမ်တော်ရာ ၁၄ ခန်းဇရပ်တွင် ပြည်သူတို့ ဂါရ၀ပြုရန် သိုက်မြိုက်ခမ်းနားစွာ ထားရှိ ဂုဏ်ပြုခဲ့ကြသည်။

= (၁၉၃၉ ဖေဖေါ်ဝါရီ ၁၈ ရက်) နေ့တွင် ရုပ်ကလာပ်များ  ထားရှိရာ အိမ်တော်ရာဘုရား ၁၄ ခန်းဇရပ်မှ တမ္ပ၀တီ သူဌေးကုန်းရပ်ရှိ  အာဇာနည်ဗိမာန်သို့ ရုပ်ကလာပ်များကို အာဇာနည်သူရဲကောင်းတို့အား နောက်ဆုံးဂုဏ်ပြုသည့်ထုံးအတိုင်း အမြှောက်တင်ယာဉ်များအပေါ်တွင် တင်၍ သုံးရောင်ခြယ် အောင်လံတော်များ ဖုံးလွှမ်းပြီး လူထု (၂)သိန်းကျော်  လိုက်ပါပို့ဆောင်ခဲ့ကြသသည်။ အာဇာနည်တို့၏ နောက်ဆုံးခရီးကို  ရန်ကုန်မြို့မှ ကျောင်းသားခေါင်းဆောင်များ၊ နိုင်ငံရေး ခေါင်းဆောင်များ လိုက်ပါပို့ဆောင်ခဲ့ကြသည်။ ဤသမိုင်းဝင် အရေးတော်ပုံကြီးကား ယနေ့ဆိုလျှင် ၇၄ နှစ် ပြည့်ခဲ့လေပြီ။

= ၁၃၀၀ ပြည့် အရေးတော်ပုံကြီးအတွင်း သွေးမြေကျဖြစ်ရပ်များမှ ပိုမိုခေတ်မှီပီပြင်သော လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို အခိုင်အမာ ချမှတ်ပေးနိုင်ခဲ့သည်။ အရေးတော်ပုံကြီး ပြီးအစတွင် ရေနံချောင်တို့ဗမာအစည်းအရုံး လျှို့ဝှက်အစည်းဝေးမှ “ တောင်သူလယ်သမား၊ အလုပ်သမား၊ ပညာတတ်လူတန်းစားတို့ကို အခြေခံ၍ နယ်ချဲ့သမားကို လက်နက်ကိုင်တော်လှန်မောင်းထုတ်ရန်” ပြတ်ပြတ်သားသား တော်လှန်ရေး လမ်းစဉ်ကို ချမှတ်နိုင်ခဲ့သည်။ ပြည်ပစစ်ရေး အကူအညီရှာဖွေရေး၊ ရဲဘော်သုံးကျိပ်၊ ဗမာလွတ်လပ်ရေးတပ်မတော်တပ်မတော် BIA၊ နယ်ချဲ့ကို တိုက်ထုတ်၊ ဖက်ဆစ်ကိုတော်လှန်၊ စစ်ပြီးခေတ် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သည့် ဖဆပလ အဖွဲ့ချုပ်ကြီး၏ လူထုတိုက်ပွဲ သေနင်္ဂဗျူဟာ၊ ပင်လုံစာချုပ်ဖြင့် တိုင်းရင်းသားစည်းလုံးညီညွှတ်ရေး၊ အောင်ဆန်း အက်တလီစာချုပ်၊ နုအက်တလီစာချုပ်၊ လုံးဝလွတ်လပ်သည့် အချုပ်အခြာအာဏာပိုင် နိုင်ငံတော်၊ ပြီးတော့ ပြည်တွင်းစစ်ယမ်းငွေ့တွေကြားက နိုင်ငံတော်…… ပြီးတော့
….. အမှောင်……အမှောင်……..အရောင်မရှိ ပြကတိအမှောင်. . . .

“အာဇာနည်အပေါင်းသည် လွတ်လပ်ရေး ယာဇ်ပလ္လင်တွင် သူတို့၏ အသက်သွေးကို တွန့်ဆုပ်ခြင်း ကင်းစွာဖြင့် စတေးပေးလှူခဲ့ကြကုန်၏၊” ဤမှန်ကန်သော သစ္စာစကားကြောင့် အမိနိုင်ငံတော်သည် ရာဟုခံတွင်း အမှောင်တွင်းမှ လွတ်ကင်းပါစေသတည်း. . . . . ။

No comments:

Post a Comment