Wednesday, March 13, 2013

လက်ပတောင်းတောင် ရှေးဟောင်းအမွေအနှစ်ဖြစ်သော စေတီ, သိမ်နှင့် လယ်တီဆရာတော်ဘုရားကြီး၏ စင်္ကြန်ကျောင်းတို့ ရွှေ့ပြောင်းခံကြရတော့မည်လား

လက်ပတောင်းတောင် ရှေးဟောင်းအမွေအနှစ်ဖြစ်သော စေတီ, သိမ်နှင့် လယ်တီဆရာတော်ဘုရားကြီး၏ စင်္ကြန်ကျောင်းတို့  ရွှေ့ပြောင်းခံကြရတော့မည်လား?
=======================================================  (၂၀၁၃) မတ်လ(၁၁)ရက် ရက်စွဲဖြင့် နိုင်ငံတော်သမ္မတထံသို့ လက်ပတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပက်သက်၍ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ် တင်သွင်းသော အစီရင်ခံစာတွင် . . . .  .

   လက်ပတောင်းတောင်ကြား  တောင်ကုန်းကလာပ်ပေါ်ရှိ စေတီနှင့် သိမ်တို့သည် ရှေးမြန်မာမင်းများ လက်ထက်ကတည်းက တည်ထားခဲ့သော စေတီဟောင်းကို (၁၃၂၆-ခုနှစ်) (၁၉၆၄)တွင် ပြန်လည်တည်ဆောက်ထားခြင်း ဖြစ်ကြောင်း။

   စေတီပရိဝုဏ်အတွင်း တွေ့ရသော သိမ်တိုင်နှစ်မျိုးအနက် သိမ်တိုင်အဟောာင်းမှာ ကျောက်ဆစ်လက်ရာမပါသော ထောင့်မှန်ပုံဖြတ်တောက်ထားသည့် သဲကျောက်တိုင်ဟု ယူဆရပြီး သိမ်တိုင်အသစ်ထက် များစွာ, ပိုမို ရှေးကျသည်ဟု ခန့်မှန်းရပါကြောင်း။

    လယ်တီဆရာတော်ဘုရားကြီး၏ စင်္ကြန်ကျောင်းနေရာသည် နေရာအတိအကျ ဖေါ်ပြထားခြင်း မရှိကြောင်းဖြင့် လေ့လာသုံးသပ်ထားပြီး စေတီ, သိမ်နှင့် စင်္ကြန်ကျောင်းတို့သည် သတ္ထုသိုက်တည်ရှိရာ အဓိကနေရာ ဖြစ်နေခြင်း၊ သာသနိကအဆောက်အအုံများကို ကွင်းရှောင်ပြီး ကြေးနီသတ္ထု တူးဖေါ်ထုတ်လုပ်မည်ဆိုလျှင်လည်း ယင်းအဆောက်အအုံးများ၏ ကြံ့ခိုင်တည်မြဲမှုကို ဧကန်မုချ ထိခိုက်နိုင်မည် ဖြစ်ခြင်းတို့ကြောင့် အဆိုပါ စေတီ, သိမ်, စင်္ကြန်ကျောင်း မြေနေရာနှင့် ၎င်းအပေါ်ရှိ သာသနိကအဆောက်အအုံးများကို လုံးဝထိခိုက်ပျက်စီးစေမှု မရှိဘဲ လက်ရှိအနေအထားများအတိုင်း အခြားသင့်လျော်မည့် နေရာတစ်ခုခုသို့ ပြောင်းရွှေ့ပေးသင့်ကြောင်း သုံးသပ်အကြံပြုထားသည်။

   စေတီ, သိမ်နှင့် စင်္ကြန်ကျောင်း မြေနေရာတို့ကို လောကီစီးပွားရေး အကျိုးစီးပွား အကျိုးအမြတ် သက်သက်ကိုသာကြည့်ပြီး ပြောင်းရွှေ့မည်ဆိုလျှင် လျော်ကန်သင့်မြတ်လိမ့်မည်မထင်ပါ၊ ယင်းသို့ ပြောင်းရွှေ့လိုက်လျှင် ရှေးဟောင်းနေရာ မူလရသ ခံစားမှုများ ဧကန်မုချ ပျက်ပြယ်သွားမည်ဖြစ်ပါသည်၊ စေတီ, သိမ်နှင့် စင်္ကြန်ကျောင်း အဆောက်အအုံတို့ကိုသာ ပြောင်းရွှေ့လို့ ရကောင်းရပါလိမ့်မည်၊ ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူတို့၏ ခံစားချက်ကို ပြောင်းရွှေ့လို့ ရနိုင်လိမ့်မည် မဟုတ်ပါ၊ စေတီပုထိုးဟူသည် သက်ရှိထင်ရှား မြတ်စွာဘုရားကို ရည်ရွယ်စူး၍ တည်ထားကိုးကွယ်တော်မူထားသော ဥဒ္ဒိဿစေတီ ဖြစ်ပြီး သိမ်ဟူသည်မှာလည်း ဗုဒ္ဓ၏ သာသနိကအဆောက်အအုံများတွင် အထွဋ်အမြတ်ထားရာ အဖြစ်ဆုံး နေရာတစ်ခုလည်းဖြစ်ပါသည်၊ သိမ်အဆောက်အအုံကိုသာ စက်ယန္တရားများဖြင့် ပြောင်းရွှေ့လို့ ရနိုင်ပါလိမ့်မည် သိမ်၏ နိမိတ်နှင့် အာနိသင်ကို စက်ယန္တရားများဖြင့် ပြောင်းရွှေ့လို့ ရနိုင်ကောင်းမည်မဟုတ်ပါ၊ လောကီစီးပွားရေး အကျိုးစီးပွား အကျိုးအမြတ်သက်သက်ကိုသာ ကြည့်ပြီး ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူ,ပြည်သူတို့၏ အထွဋ်အမြတ်ထားရာ ဘုရားစေတီ, သိမ်တို့ကို ပြောင်းရွှေ့လိုက်လျှင် ဗုဒ္ဓဘာသာဝင်တို့၏ အဦးအထိပ်ကို အလေးမထားရာ ထိပါးပုတ်ခတ်ရာ ရောက်သည်ဟု ခံစားရပါသောကြောင့် စေတီ, သိမ်နှင့် စင်္ကြန်ကျောင်းတို့ ပြောင်းရွှေ့ခြင်းကို လက်ခံပေးနိုင်ခြင်း မရှိပါကြောင်းဖြင့် ရေးသားတင်ပြလိုက်ပါသည်။

No comments:

Post a Comment