
19-8-2013 နေ့
ကချင်ပြည်နယ်အတွင်းရှိ ရှမ်းတိုင်းရင်းသားများ၏ သဘောထားအမြင်-
၁။ ကချင်ပြည်နယ်အတွင်းတွင် ကချင်တိုင်းရင်းသားများသာ နေထိုင်ခြင်းမဟုတ်။ ရှမ်းတိုင်းရင်းသား
လူမျိုးစုများလည်း မှီတင်းနေထိုင်လျှက်ရှိသည်။ ကချင်ပြည်နယ်တွင် တိုင်းလုံ၊ တိုင်းလေ၊ တိုင်းလိုင်၊ တိုင်းခမ်းတီနှင့်
တိုင်းဆာ-ဟူ၍ ရှမ်းလူမျိုးစု(၅)စု မှီတင်းနေထိုင်လျက်ရှိသည်။
၂။ ၁၉၄၇-ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ကချင်ပြည်နယ်ဟု ခေါ်ဆိုမည့် ဒေသအတွင်း နေထိုင်သည့်
ရှမ်းလူမျိုးများ၏ နယ်မြေ၊ လူမျိုး၊ စာပေ၊ ယဉ်ကျေးမှုတို့ကို တိမ်မြုပ်ပျောက်ကွယ်သွားအောင် ရည်ရွယ်ချက်ရှိရှိ
ဘက်လိုက်ပြဋ္ဌာန်းခဲ့သော ဥပဒေဟု ရှမ်းမျိုးနွယ်စုများမှ ထင်မြင်ယူဆသည်။
၃။ ကချင်ပြည်နယ်အတွင်းတွင် နေထိုင်ကြသည့် ကချင်၊ ရှမ်း၊ ဗမာနှင့် အခြားလူမျိုးများတွင် ရှမ်းလူမျိုးများ၏
လူဦးရေသည် ကချင်လူမျိုးများ၏ လူဦးရေထက် မနည်းသည့် အရေအတွက်တွင်ရှိသည်။
၎။ ကချင်လွှတ်မြောက်ရေးတပ်(KIA/KIO) စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည်မှစ၍ အစိုးရစစ်တပ်နှင့် KIA/KIO
တို့ တိုက်ပွဲဖြစ်ရာနယ်မြေများတွင် ရှမ်းလူမျိုးများ၏ ကျေးရွာများ မီးရှို့ဖျက်ဆီးခံရခြင်း၊ အဓမ္မချွေးတပ်(ပေါ်တာ)
ဆွဲခံရခြင်း၊ အဓမ္မပြုကျင့်ခြင်းခံရခြင်း၊ အဓမ္မဆက်ကြေးတောင်းခံရခြင်းစသည်တို့ကို လက်နက်ကိုင်အဖွဲ့အစည်း
နှစ်ဖွဲ့လုံးမှ လူ့အခွင့်အရေးချိုးဖောက်မှုများပြုလုပ်ခဲ့ကြသည်။
သို့သော် KIA/KIO တို့သည် တိုက်ပွဲဖြစ်ရာ နယ်မြေဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ရှမ်းလူမျိုးများ၏
ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ ရှမ်းလူငယ်များအား စစ်သားသစ်စုဆောင်းဖမ်းဆီးခြင်း၊ အဓမ္မဆက်ကြေး
ကောက်ခြင်း၊ ရှမ်းသမီးမျိုးများအား အဓမ္မပြုကျင့်ခြင်း၊ မြို့ပေါ်ကျေးရွာမကျန် မိုင်းထောင်ဖောက်ခွဲခြင်း၊
လမ်းတံတားများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ ပြည်သူ့အဆောက်အဦးများကို ဖျက်ဆီးခြင်း၊
ပြည်သူလူထုအများစု လူစီကားရာများတွင် မိုင်းခွဲခြင်း စသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို
အများဆုံးပြုလုပ်ခဲ့သည်။
၅။ ထိုသို့သော လူ့အခွင့်အရေးချိုးဖောက်မှုများကို ခံစားကြရသည့်တိုင် ရှမ်းလူမျိုးများ၏ လူ့အခွင့်အရေး
ချိုးဖောက်ခံရမှု အဖြစ်အပျက်များကို ပြောဆိုတင်ပြပေးမည့်သူ အလွန်နည်းပါးသည်။ သိရှိသူလည်း နည်းပါးသည်။
အဘယ့်ကြောင်းဆိုသော်-
. လူ့အခွင့်အရေးချိုးဖောက်ခံရသော ဒေသတွင်နေထိုင်သည့် ရှမ်းလူမျိုးများသည် အသိအမြင်
ဥာဏ်ပညာဗဟုသုတနည်းပါးခြင်း၊
. သိရှိနားလည်သူများ သွားရောက်စုံစမ်းပါကလည်း နှစ်ဖက်သော တပ်များက သူလျှိုအဖြစ် စွပ်စွဲကာ
ညှင်းပန်းနှိပ်စက်ခြင်း၊
. လူ့အခွင့်အရေးချိုးဖောက်ခံရသူများသည် မိမိတို့ခံရသည်များကို တင်ပြပြောဆိုလျှင်
သတ်ဖြတ်မည်ဟု မိမိတို့အသက်အန္တရယ်ခြိမ်းခြောက်ခံရခြင်း၊
. ယင်းဖြစ်စဉ်များကိုဖော်ထုတ်ရန် ကြိုးစားသူရှိက ထိုကြိုးစားသူအား သတ်ဖြတ်ရန် အသက်
အန္တရယ်ကို ခြိမ်းခြောက်ခြင်းစသည့် KIA/KIO တို့၏ နီးရာဓါးကို ကြောက်နေရ၍ ရှမ်းလူမျိုးများ၏
လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ ပေါ်လွင်ခြင်းမရှိခဲ့ပေ။
၆။ ၂၀၁၁-ခုနှစ်၊ ဇွန်လမှ စတင်ဖြစ်ပွားခဲ့သော ပဋိပက္ခများတွင်လည်း အဓိကဒုက္ခရောက်ကြသူများမှာ
ရှမ်းလူမျိုးများဖြစ်ကြသော်လည်း-
. ဒုက္ခရောက်ကြသည့် ရှမ်းလူမျိုးများသည် ဒုက္ခသည်စခန်းများ၌ လာရောက်မှီခို
နေထိုင်ကြသူနည်းပါးခြင်း၊
. ဒုက္ခသည်စခန်းများတွင်နေထိုင်၍ သူတစ်ပါး၏အထောက်အပံ့ကို တောင်းခံရန် ရှက်ရွံ့ကြခြင်း၊
. ဒုက္ခသည်စခန်းများတွင် လာရောက်မှီခိုနေထိုင်ကြရမည်ကို သိရှိနားမလည်ခြင်း စသည်တို့ကြောင့်
ဒုက္ခသည်စခန်းများတွင် ရှမ်းလူမျိုးများ နည်းပါးပြီး၊ နီးစပ်ရာမြို့နယ်များရှိ ဆွေမျိုးအိမ်များတွင်
မှီခိုနေထိုင်ကြသူများသာ များပြားပါသည်။ အချို့မှာ တရုတ်နယ်စပ်မြို့များရှိ ဆွေမျိုးအိမ်များတွင်
နေထိုင်၍ အလုပ်အကိုင်ရှာဖွေသောအခါ လူကုန်ကူးခံရသူများလည်း ရှိနေပါသည်။
၇။ အစိုးရနှင့်KIA/KIO တို့၏ စစ်ပွဲများနှင့်ပတ်သက်၍ ရှမ်းလူမျိုးများသည် ငြိမ်းချမ်းရေးကို ပို၍လိုချင်သူများ
ဖြစ်ကြသည်။
၈။ KIA/KIOတို့သည် ကချင်ပြည်နယ်ရှိ တိုင်းရင်းသား လူမျိုးများအားလုံးကို ကိုယ်စားမပြုနိုင်ပေ။ ယင်းတို့သည်
ကချင်လူမျိုးများသီးသန့် လွှတ်မြောက်ရေးအတွက်သာ ကြိုးပမ်းနေခြင်းဖြစ်သည်ကို ယင်းတို့၏
ထုတ်ပြန်ကြေငြာချက်များက သက်သေခံလျက်ရှိသည် စသည်ဖြင့် ရေးသားထားသော အကြံပြုစာကို
ပေးအပ်ခဲ့သည်ဟု သိရှိရပါသည်။
လေ့လာစောင့်ကြည့်သူ- Kolaywin
No comments:
Post a Comment