Friday, August 16, 2013

ရှမ်းမျိုးနွယ်စုရေးရာ ကော်မတီအဖွဲ့ဝင် ဦးတင်မြင့်မှ မစ္စတာ ကင်တားနားသို့ ရင်ဖွင့်ပေးစာ


ရက်စွဲ။ ၂၀၁၃-ခုနှစ်၊ သြဂုတ်လ ( ၁၅ )ရက်

ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် (Thomas Ojae Quintana) သောမတ်စ်အိုဟေး ကင်တားနား အားသိစေချင်ပါသည်။
လူကြီးမင်း၏ ဆောင်ရွက်မှုများသည် နိုင်ငံတော်အစိုးရမှ တိုင်းရင်းသားများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများကို တစ်ဖက်သတ် ရှာဖွေနေသည့် ပုံသဏ္ဍာန်ဖြစ်နေသည်ဟု သုံးသပ်မိပါသည်။ ပြည်နယ်အတွင်းတွင် တိုင်းရင်းသားအချင်းချင်း လက်နက်ကိုင်သူများမှ လက်နက်မဲ့သူအပေါ် အခွင့်အရေးချိုးဖောက်မှုများရှိနေပါသည်။

ကချင်ပြည်နယ်တွင် KIA(ကချင်)သည် ၁၉၆၂-ခုနှစ်မှစ၍ အတူနေ ဒေသခံတိုင်းရင်းသားများအား

လက်နက်အားကိုးဖြင့် အနိုင်ကျင့်မှုများ များစွာပြုလုပ်ခဲ့သည်။အစိုးရမှလည်း ထိရောက်စွာ မကာကွယ်ပေးနိုင်ခဲ့သဖြင့် KIA(ကချင်)သည် တူမီးသေနတ်ကိုင် ဘ၀မှ မောင်းပြန်သေနတ်ထိ တိုးတက်ခဲ့သည်။ အဆိုပါအခြေအနေကို လူကြီးမင်း သိဟန်မတူပါ။ ကချင်ပြည်နယ်တွင် ယနေ့အချိန်ထိ မြို့နယ်အစွန်အဖျားများ၌ KIA(ကချင်)၏ ဖိနှိပ်မှု၊ ဆက်ကြေးတောင်းခံမှု၊ မူးယစ်ဆေးဝါးရောင်းဝယ်ရာနေရာဌာန အဖြစ်ခံနေရသည်။

အဆိုပါကျေးလက်နေ ပြည်သူများမှာ KIA(ကချင်)၏ ရန်ငြိုးဖွဲ့မှုကို ကြောက်၍ မပြောရဲ မဆိုရဲရှိနေသည်။ ထို့အတူ ကချင်ပြည်နယ်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်ကြီးများသည် ပင်လျှင် KIA(ကချင်)၏ အကြမ်းဖက်လုပ်ရပ်များကို မတင်ပြရဲသူရှိနေသည်။

သို့ပါ၍ ဥယျာဉ်မှူးသည် သစ်ပင်ပန်းမာန်၏ လိုအပ်ချက်ကို အလိုအလျှောက် သိနေဘိသကဲ့သို့ ကုလသမဂ္ဂ ကိုယ်စားလှယ်သည်လည်း လူအခွင့်အရေးချိုးဖောက်ခံ ကျေးလက်ဒေသလူထု၏ အခြေအနေကို သိစေချင်ပါသည်။ အဆိုပါ ကျေးလက်နေပြည်သူလူထုသို့ ထဲထဲဝင်ဝင် လေ့လာစေလိုသည်။

- မစ္စတာ ကင်တားနား ခင်ဗျား
- ငြိမ်းချမ်းရေးအကျိုးမျှော်၍ နိုင်ငံတော်မှ နိုင်ငံရေးအကျဉ်းသားများ ပြန်လွတ်ပေးနေသကဲ့သို့ KIA(ကချင်)တို့မှ အဓမ္မစစ်သားစုဆောင်းဖမ်းဆီးစေခိုင်းခြင်းခံရသော ရှမ်းမျိုးနွယ်စုတိုင်းရင်းသားများအား ပြန်လွတ်ပေးဖို့ တောင်းဆိုပေးရန်၊

- ဒေသခံပြည်သူတို့၏ အသက်မွေးဝမ်းကြောင်းဖြစ်သည့် လယ်ယာလုပ်ငန်းခွင်အနီး မိုင်းထောင်ခြင်းကို တားမြစ်ပေးရန်၊

- ပြည်နယ်အတွင်း လက်နက်ကိုင်များမှ လက်နက်မဲ့သူအပေါ် လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုများကို လိုင်ဇာတွင် ရှာဖွေခြင်းထက် အခြားဒေသများဖြစ်သည့် (ဗန်းမော်ခရိုင်၊ ဖားကန့်ဒေသ၊ ဆင်ဘိုဒေသ၊ တာလောကြီးဒေသ) ဒေသခံ တိုင်းရင်းသားများနှင့်တွေ့ဆုံမှသာလျှင် အခြေအနေမှန်ကို ပိုမိုသိနိုင်မည်ဖြစ်၍ ကွင်းဆင်းလေ့လာပေးရန်၊

- လူ့အခွင့်အရေးပုဂ္ဂိုလ်များ ကချင်ပြည်နယ်သို့ လာရောက်တိုင်း ကချင်လူမျိုးအဖွဲ့အစည်းများနှင့်သာ တွေ့ဆုံမှုပြုကြသည်။ ဒေသခံ ရှမ်းလူမျိုးအဖွဲ့အစည်းဖြစ်သည့် ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့များနှင့်လည်း တွေ့ဆုံပြီး၊ အဖွဲ့၏ ရင်တွင်းခံစားချက်များကို နားထောင်ပေးပါဟု အကြံပြုလိုက်ပါသည်။

-
ဦးတင်မြင့်
ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ဝင်(ကချင်ပြည်နယ်)
မြစ်ကြီးနား

No comments:

Post a Comment