Thursday, November 14, 2013
မသန္တာထွေး၏ အမျိုးသား ကိုဂျာလှကို KIA မှ အမြန်ဆုံး ပြန်လွှတ်ပေးစေချင်
ကျွန်မ နာမည်က - မသန္တာထွေးပါ၊ တာလောကြီးကျေးရွာအုပ်စု၊ စံကင်းကျေးရွာကပါ
ကျွန်မ ၀န်းသိုကျောင်းကယ်ဆယ်ရေးစခန်းကို ၂၀၁၂ ခုနှစ်၊ ၄-လပိုင်းလောက်က ရောက်ခဲ့ပါတယ်
ကျွန်မ ၀န်းသိုကျောင်းကယ်ဆယ်ရေးစခန်းကို ရောက်ခါစက ကိုယ်ဝန်ကလည်း အရင့်အမာကြီးနဲ့ပါ၊ ကျွန်မယောက်ျား ကိုဂျာလှ(ခ) အူဆယ်လကိုလည်း ၂၀၁၂ ခုနှစ်၊ ၄ လပိုင်းလောက်ကပဲ စံကင်းရွာအနီး ကျောက်ကော်မှာ ရွှေကျင်နေတုန်း KIA က ဖမ်းဆီးခေါ်ဆောင်သွားတော့ ကျွန်မမှာ ကလေးကနှစ်ယောက်၊ ကိုယ်ဝန်ကလည်း အရင့်အမာကြီးနဲ့
ကျွန်မတစ်ယောက်တည်း ဒုက္ခပင်လယ်ဝေခဲ့ရပါတယ်။
ကိုယ်ဝန်ကိုလည်း ၀န်းသိုကျောင်း camp မှာပဲနေပြီး မွေးဖွားခဲ့ပါတယ်။ အခု ကျွန်မမှာ ကလေးသုံးယောက်၊ အကြီးဆုံးက ဆယ်နှစ်၊ အလတ်က ခြောက်နှစ်၊ အငယ်လေးက တစ်နှစ်ခွဲ ရှိသွားပါပြီး၊ အားကိုရာ ယောက်ျားကလည်း KIA ထဲမှာ၊ ကျွန်မတစ်ယောက်တည်း ကလေးသုံးယောက်ကို ရုန်းကန်ရပ်တည်ရင်း ကြွေးမွေး ပြုစုစောင့်ရှောက်နေရပါတယ်။
ကျွန်မယောက်ျားနဲ့ ဖုန်းအဆက်အသွယ်ရတော့ သူကငိုတယ်၊ အရမ်းပြန်လာချင်တယ်တဲ့၊ (၂)ကြိမ်တိုင်တိုင် ထွက်ပြေးကြည့်သေးတယ်လို့လည်း ပြောပါတယ်။ KIA ထဲမှာ မနေချင်ဘူးတဲ့၊ ကျွန်မဆီကို အရမ်းပြန်လာချင်ပါတယ်တဲ့။ သူ့ကို KIA လူကြီးများအနေနဲ့ ပြန်လွှတ်ပေးမယ်ဆိုရင် ကျွန်မ အရမ်းကို ပျော်မိမှာပါ။ ဒါကြောင့် အရွယ်မရောက်သေးတဲ့ ကလေးသုံးယောက်နဲ့ ကျွန်မကို ငဲ့ညှာပြီး ကျွန်မတို့ရဲ့ မိသားစုဘ၀လေး စုံစုံညီညီနဲ့ သာယာပျော်ရွှင်ဖွယ်ဖြစ်အောင် ကရုဏာရှေ့ထား ရှေးရှုသောအားဖြင့် ကျွန်မ မသန္တာထွေး၏ အမျိုးသား ကိုဂျာလှ(ခ) အူဆယ်လ ကို အမြန်ဆုံး ပြန်လွှတ်ပေးပါလို့ KIA လူကြီးမင်းများကို တောင်းဆိုချင်ပါတယ်။
ကျွန်မ - မသန္တာထွေး
စံကင်းကျေးရွာ၊ တာလောကြီးအုပ်စု
မြစ်ကြီးနားမြို့နယ်။ ခေတ္တ- ၀န်းသိုကျောင်းစခန်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment