Wednesday, January 29, 2014
ရှမ်းနီဟူသော ဘုံနာမည်တမျိုးတည်း သတ်မှတ်နိုင်အောင် ကြိုးစားဆောင်ရွက်သွားမည်ဟု ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ကြေငြာ
၁။ ၂၀၁၄ ခုနှစ် မတ်လတွင် ကောက်ခံမည့် သန်းခေါင်စာရင်းတွင် ရှမ်းတိုင်းရင်းသားများ၏ ကုဒ်အမှတ်စဉ် (၈၂၈)တွင် Tai Len -ဟု ရေးသားဖေါ်ပြထားပါသည်။ ယင်း Tai Len ကို မြန်မာဖြင့် ဘာသာပြန်ဆိုပါက ရှမ်းနီဟု အဓိပ္ပါယ်ရသည်။ Tai Len သည် ရှမ်းနီဖြစ်သည်။ ရှမ်းနီသည် တိုင်းလိုင်ဖြစ်သည်။ လူမျိုးအားဖြင့် နှစ်မျိုးမဟုတ်ပါ၊ မြန်မာအခေါ်နှင့် ရှမ်းအခေါ်သာ ကွဲပြားခြင်းဖြစ်သည်။
၂။ တိုင်းရင်းသားလူမျိုးများအမည်စာရင်းများ ပြုစုစဉ်က မိမိတို့တိုင်းရင်းသားလူမျိုးများ၏ အသံထွက်အမှန်ကို မြန်မာစာနှင့် ရေးသားပြောဆိုသည့်အခါ အသံမှန်ကို တိကျစွာ မရေးနိုင်ခဲ့သဖြင့် တိုင်းနိုင်း၊ တိုင်းလျန်၊ တိုင်းလိုင်စသည်ဖြင့် ကွဲပြားနေခဲ့ပါသည်။ ထိုမှတဆင့် ရှမ်းကလေး၊ ရှမ်းဗမာ၊ ရှမ်းနီ၊ မြေလတ်ရှမ်းစသည်ဖြင့်
စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ် မြေပြန့်ဒေသနေ ဒေသခံရှမ်းမျိုးနွယ်စုများသည် အမည်အမျိုးမျိုး ကွဲပြားခေါ်ဝေါ်နေကြသည်။
၃။ သန်းခေါင်စာရင်းကောက်ယူရာတွင် ဖြေဆိုသူ၏ လေယူလေသိမ်းအလျှောက် လူမျိုးအမည်မကွဲပြားစေရန်အတွက်လည်းကောင်း၊ ကချင်ပြည်နယ်တွင် ရှမ်းမျိုးနွယ်စုအင်အား ကြီးမားစွာစုစည်းတည်ရှိနေထိုင်ကြောင်း ပေါ်လွင်စေရန်အတွက်လည်းကောင်း Tai len = ကုဒ်အမှတ် (၈၂၈)ကိုသာ ရေးသွင်းပေးကြရန် လိုအပ်ပါသည်။
၎။ သို့မှသာ သမိုင်းတစ်လျှောက် အခြေအနေအမျိုးမျိုးကြောင့် ကွဲပြားနေခဲ့ရသည့် မိမိတို့လူမျိုးအမည်စာရင်းကို တစုတစည်းတည်း အင်အားကြီးမားစွာ ဖေါ်ပြနိုင်မည်ဖြစ်ပါသည်။
၅။ ယင်းသို့ အကြောင်းအမျိုးမျိုးကြောင့် ကွဲပြားနေခဲ့ရသည့် စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ် မြေပြန့်ဒေသနေ တိုင်းလျန်၊ တိုင်းလိုင်၊ တိုင်းနိုင်း၊ တိုင်းချောင်း၊ ရှမ်းကလေး၊ ရှမ်းဗမာစသည်တို့သည် ရှမ်းနီဟူသော ဘုံအမည် တမျိုးတည်း သတ်မှတ်နိုင်အောင် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်သည်။
၆။ ထို့အတူ ကချင်ပြည်နယ်အတွင်းရှိ ရှမ်းမျိုးနွယ်စုများဖြစ်သည့် တိုင်းလုံ ကုဒ်အမှတ် (၈၂၉)၊ တိုင်းလေ ကုဒ်အမှတ် (၈၃၀)၊ တိုင်းဆာ ကုဒ်အမှတ် (၈၃၁)နှင့် တိုင်းခမ်းတီ ကုဒ်အမှတ် (၈၁၃) ရှမ်းကလေး ကုဒ်အမှတ် (၈၂၁)၊ ရှမ်းကြီး ကုဒ်အမှတ် (၈၂၂) စသည်တို့ကိုသာ ရေးသွင်းပေးကြရန် လိုအပ်ပါသည်။
၇။ တရားဝင် ကုဒ်အမှတ်မရှိသေးသည့် တိုင်းရင်းသားလူမျိုးများစာရင်းကို အခြားဟူသော ကုဒ်အမှတ် (၉၁၄) တွင် ဖေါ်ပြမည်ဖြစ်သည်။ ထိုတရားဝင်ကုဒ်အမှတ်မရှိသည့် တိုင်းရင်းသားလူမျိုးများစာရင်းတွင် မိမိတို့လူမျိုးကို ထည့်သွင်းဖေါ်ပြကြမည်ဆိုပါက တိုင်းရင်းသားစာရင်းဝင်မဟုတ်သည့် ကုဒ်အမှတ် (၉၁၄)ထဲသို့ ရောက်ရှိသွားမည်ဖြစ်သည်။
ဦးစိုင်းထိန်လင်း(အဖွဲ့ခေါင်းဆောင်)
ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့(ကချင်ပြည်နယ်)၊ မြစ်ကြီးနားမြို့။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment