Sunday, February 9, 2014

၂၀၁၄ သန်းခေါင်စာရင်းနှင့် တိုင်းရင်းသားမျိုးနွယ်စုပြဿနာ

နှစ်ပေါင်း (၃၁)နှစ်ကြာပြီးမှ လာမည့်မတ်လတွင် ပြန်လည်ကောက်ယူမည့် အစိုးရ၏ ၂၀၁၄ ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရေးနှင့် ပက်သက်၍ ထုတ်ပြန်ထားသော တိုင်းရင်းသားမျိုးနွယ်စု(၁၃၅)မျိုးစာရင်းနှင့် ကုဒ်နံပါတ်များသည် တိုင်းရင်းသားမျိုးနွယ်စုများအတွင်း စိတ်ဝမ်းကွဲမှုများ ဖြစ်ပေါ်နေသလို ဒေသခံတိုင်းရင်းသားများ၏ ပကတိအခြေအနေမှန်နှင့် ကိုက်ညီမှုမရှိသည့်အတွက် လူမျိုးအမည်နေရာတွင် ဖြေဆိုထည့်သွင်းရန် ရှုပ်ထွေးမှုများနှင့်အတူ သံသယပေါင်းများစွာနှင့်လည်း ရင်ဆိုင်နေကြရသည်။


ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းသည် ကြုံတောင့်ကြုံခဲ လုပ်ငန်းကြီးဖြစ်၍ မိဘပြည်သူများ၏ အကျိုးစီးပွားအတွက် နိုင်ငံတော်မှ ဆောင်ရွက်ပေးခြင်းဖြစ်ပါသည်။ နိုင်ငံရေး၊ စစ်ရေးနှင့်
လုံးဝမသက်ဆိုင်ပါ။ ထို့အတူ ၂၀၁၅ ရွေးကောက်ပွဲနှင့်လည်း မသက်ဆိုင်ပါဘူးလို့ အစိုးရကထုတ်ပြန်ထားသော်လည်း တစ်ချို့သော တိုင်းရင်းသားမျိုးနွယ်စုများအတွက် ၂၀၁၄ သန်းခေါင်စာရင်းတွင် အင်အားတစ်စုတစ်စည်းတည်း စာရင်းထွက်ရှိရေးနှင့် သမိုင်းအစဉ်အလာနှင့် နေရာဒေသအလိုက် လက်ခံလာခဲ့သော တိုင်းရင်းသားမျိုးနွယ်စုအမည်များ မပပျောက်ရေးလို့ ဆိုတဲ့ နိုင်ငံရေးနှင့် အမျိုးသားယာဉ်ကျေးမှုလမ်းကြောင်းတို့အပေါ်တွင် စိုးရိမ်မှု၊ အားပြိုင်လွန်ဆွဲမှုများ ကြီးထွားလာနေတာကို တွေ့မြင်နေရသည်။

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက  ၂၀၁၄ မတ်လတွင် ကောက်ယူမည့် သန်းခေါင်စာရင်းအစီအစဉ်ကို လေးနှစ်ခွဲ ပြင်ဆင်ခဲ့ရတယ်လို့ ပြောဆိုပေမယ့် ဒေသခံတိုင်းရင်းသားမျိုးနွယ်စု အဖွဲ့အစည်းများနှင့် ညှိနှိုင်းတိုင်ပင်တာမျိုးလည်း တစ်စုံတစ်ရာ မတွေ့မြင်ခဲ့ရသလို သန်းခေါင်စာရင်း ကောက်ယူခြင်းနှင့် ပက်သက်သော အစိတ်အပိုင်းတစ်ချို့သည် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခြေခံမူ၊ တိုင်းရင်းသားအခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေတို့နှင့် အနည်းငယ် သွေဖည်နေသကဲ့သို့ ထင်ဟပ်နေပါသည်။ 

ဒေသခံတိုင်းရင်းသားများ၏ ပကတိအခြေအနေနှင့် မကိုက်ညီသော တိုင်းရင်းသားမျိုးနွယ်စု(၁၃၅) မျိုးနှင့် ကုဒ်နံပါတ်များသည် တိုင်းရင်းသားအခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေပါ အခန်း (၃) ပုဒ်မ (၄)၊ (က) မိမိတို့၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းနှင့် ကိုးကွယ်သည့် ဘာသာသာသနာတို့ကို လွတ်လပ်စွာ ဆောင်ရွက်ခွင့်ရှိသည် ဆိုသည့်အချက်ကို ပိတ်ဆို့နေသကဲ့သို့ ထင်ဟပ်နေပြီး သန်းခေါင်စာရင်းထွက်ပြီးရင် မျိုးနွယ်စုတူရာချင်း ပေါင်းလို့မရဘူးဆိုတဲ့ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီပြောစကားကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးထံမှ သိခဲ့ရပြန်ရာ အခန်း (၇) တားမြစ်ချက်များ ဥပဒေပုဒ်မ (၁၉) မည်သူမျှ ဤ တိုင်းရင်းသားအခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေပါ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များကို ခိုင်လုံသော အကြောင်းပြချက် မရှိဘဲ ပိတ်ပင်တားဆီးခြင်းမပြုရဆိုတဲ့ အချက်ကို မျက်ကွယ်ပြုသကဲ့သို့လည်း ထင်ဟပ်နေပါသည်။

၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမှ ရရှိသည့် လူဦးရေနှင့် လူမှုရေး၊ စီးပွားရေးဆိုင်ရာ သတင်းအချက်အလက်များသည် နိုင်ငံတော်ပြုပြင်ပြောင်းလဲရေး၊ ဖွံဖြိုးတိုးတက်မှု စီမံကိန်းများနှင့် ကောင်းမွန်သည့် အုပ်ချုပ်ရေးစနစ်များ တည်ဆောက်ရာတွင် များစွာ အထောက်အကူ ပြုမည်ဖြစ်သည်ဟု ဆိုထားပြန်ရာ နေပြည်တော် သန်းခေါင်စာရင်းကော်မရှင်နှင့် နီးစပ်သော ရဲမှူးကြီးတစ်ဦး၏ ပြောကြားချက်အရ ကုဒ်နံပါတ် လူမျိုးစာရင်းများ ဆောလျင်စွာ ထွက်လာနိုင်သော်လည်း အခြားတိုင်းရင်းသား လူမျိုးစုစာရင်းများ ထွက်ရှိရန် အချိန်တစ်နှစ်ခွဲလောက် ကြာမြင့်ဦးမည့် ၂၀၁၄ သန်းခေါင်းစာရင်း ကောက်ယူခြင်းနှင့် ပက်သက်၍ တိုင်းရင်းသားမျိုးနွယ်စုများအတွင်း ရှုပ်ထွေးနေတဲ့ နိုင်ငံရေးနှင့် အမျိုးသားယာဉ်ကျေးမှု အကျိုးဆက်တို့ကို ပြတ်သားစွာ ရှင်းလင်းထုတ်ပြန်ထားဖို့ လိုအပ်နေကြောင်း တင်ပြလိုက်ရပါသည်။

ဧရာဝတီမြစ်ဖျားဆီက online media အယ်ဒီတာ့ အာဘော်

No comments:

Post a Comment