Thursday, February 6, 2014

ဆင်ဘိုမြို့နယ်ခွဲအတွင်းရှိ ကျေးရွာများထံမှ ဆန်အိတ်များကို KIA မှ အဓမ္မ လာရောက်တာင်းယူ



မြန်မာပြည်မြောက်ပိုင်း(ကချင်ပြည်နယ်)၊ မြစ်ကြီးနားမြို့နယ်၊ ဆင်ဘိုမြို့နယ်ခွဲအတွင်းရှိ ကျေးရွာများထံမှ ဆန်အိတ်များကို KIA တပ်ရင်း(၅)မှ ဗိုလ်ကြီးဇော်တူး ဦးဆောင်သောအဖွဲ့က ယနေ့ (၆၊၂၊၂၀၁၄) ရက်နေ့တွင် လက်နက်အားကိုးနဲ့ အဓမ္မလာရောက်တောင်းယူသွားခဲ့တယ်လို့ သိရှိရသည်။

ဆင်ဘိုမြို့နယ်ခွဲအတွင်း  တောပင်လုံ၊ ပင်တော်၊ မံကင်း၊ မံဖွား၊ နောင်ပွဲ၊ နယ်ခြား၊ ကျွန်းဦး အစရှိသည့်ကျေးရွာများမှ တစ်ရွာလျှင် (၅)ယောက် KIA တပ်သားသစ်အဖြစ် ပေးဆောင်ရန်  ကျေးရွာလူကြီးများထံ (၁၈၊၉၊၂၀၁၃)ရက်နေ့က တောင်းခံစာများ ပေးပို့ထားခဲ့ပြီး


ယနေ့ ဖေဖေါ်ဝါရီလ ၆ ရက်နေ့တွင်တော့ ဗိုလ်ကြီးဇော်တူး ဦးဆောင်သော KIA အဖွဲ့က "တစ်ရွာလျှင် ၅ ယောက် မပေးဆောင်နိုင်ပါက ဆက်ကြေးအဖြစ် ဆန်အိတ်များ ပေးဆောင်ရမည်" ဟုဆိုကာ မံဖွားကျေးရွာမှ ဆန် (၁၈)အိတ်၊ နောင်ပွဲကျေးရွာမှ ဆန်(၁၀)အိတ်၊ နယ်ခြားကျေးရွာမှ ဆန်(၁၂)အိတ်၊ ကျွန်းဦးကျေးရွာမှ ဆန်(၁၀)အိတ် အစရှိသဖြင့် ကျေးရွာအသီးသီးကို လက်နက်အားကိုးနဲ့ အဓမ္မလာရောက် တောင်းယူသွားခဲ့တယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးမှ ပြောကြားသည်။

ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ နာယက ဦးစိုင်းသာဇုံကတော့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီနှင့်KIO ကိုယ်စားလှယ်အဖွဲ့တို့၏ နှစ်ဖက်လိုက်နာရန်အချက်များပါ သဘောတူညီချက်များဖြစ်သည့်

အပိုဒ်-(၁)
(င) ပြည်သူလူထုထံမှ တရားမ၀င် အခွန်ကောက်ခံခြင်း၊ အတင်းအဓမ္မ ငွေကြေးပစ္စည်းများ ရယူခြင်း မပြုလုပ်ရန်၊

(စ) ကာယကံရှင်၏ ဆန္ဒမပါဘဲ တပ်ဖွဲ့ဝင်အဖြစ် အဓမ္မသွတ်သွင်းခြင်း မပြုလုပ်ရန် ဆိုသည့် အချက်များကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာဘဲဖြစ်တယ်လို့ ပြောဆိုပါသည်။

မြစ်ကြီးနားမြို့နယ်၊ ဆင်ဘိုမြို့နယ်ခွဲအတွင်းရှိ ကျေးရွာ/ရပ်ကွက် ကိုယ်စားလှယ်များနှင့် ရပ်မိရပ်ဖများပါဝင်သည့် ၂၀၁၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၃ ရက်နေ့ ဆင်ဘိုမြို့နယ် လူထုအစည်းအဝေးမှ KIA ၏ လူသစ်တောင်းခြင်း၊ ဆက်ကြေးကောက်ခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆန့်ကျင်သွားကြရန်နှင့် KIA အား ဆက်ကြေးပေးဆောင်တော့မည် မဟုတ်ကြောင်း ဆုံဖြတ်ချက်တစ်ရပ် ထုတ်ပြန်ပြီး ၃ ရက်အကြာ၊ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့မှ ဆင်ဘိုမြို့နယ်အတွင်း အင်အား(၃၀)နဲ့ ပြည်သူ့စစ် စတင်ဖွဲ့စည်းဖို့ ပြင်ဆင်နေချိန် KIA အဖွဲ့က လက်နက်အားကိုးနဲ့ အခုလို လာရောက်တောင်းယူသွားတာလည်း ဖြစ်ပါသည်။

No comments:

Post a Comment