Sunday, March 16, 2014

ဘုရားပွဲနှင့် ငြိမ်းချမ်းရေး ပျက်သွားသော ခေါင်ဖူးပဋ္ဌာန်းပွဲ ကျင်းပပြီးစီး

မြန်ပြည်မြောက်ပိုင်း(ကချင်ပြည်နယ်) ၊ မြစ်ကြီးနားမြို့နှင့် မိုင် ၃၀ ခန့် ကွာဝေးပြီး မြစ်ကြီးနား-ဗန်းမော် ရေလမ်း ဧရာဝတီမြစ်ရိုးတနေရာက တာလောကြီးရွာ တဖက်ကမ်း၌ တည်ရှိသော ခေါင်းဖူးရွာ ခေါင်ဖူးလောကမာရဇိန်စေတီတော်မြတ်ကြီး၏ အနယ်နယ်အရပ်ရပ်မှ ဘုရားပွဲတော်လာ မိဘပြည်သူများနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သော ဘုရားပွဲတော်နှင့်အတူ ငြိမ်းချမ်းရေးပါ တပါတည်း ပျက်ပြားခဲ့ပြီးနောက်ပိုင်း ပဋ္ဌာန်းပွဲလောက်နှင့် အကျဉ်းချုံး၍ ကျင်းပလာခဲ့သော ခေါင်းဖူးလောကမာရဇိန်စေတီတော်မြတ်ကြီး၏ ပဋ္ဌာန်းအောင်ပွဲအဖြစ် ၂၀၁၄ ၊ မတ် ၁၅ ရက်နေ့က အဆိုပါ စေတီတော်မြတ်ကြီး၏ ဓမ္မသာလာခန်းမဆောင်မှာ မြစ်ကြီးနားမြို့နှင့် တာလောကြီးတိုက်နယ်တစ်ဝိုက်က ကြွရောက်လာသော သံဃာတော်အရှင်သူမြတ်များနှင့် ဒေသခံရှမ်းတိုင်းရင်းသား ပရိတ်သတ် အနည်းငယ်တို့က ကျင်းပခဲ့ကြသည်။

အံ့ဖွယ်ရှစ်ပါးနှင့် ပြည့်စုံသော ခေါင်းဖူးလောကမာရဇိန်စေတီတော်မြတ်ကြီးသည် သီရိဓမ္မာသောကမင်းကြီး၏ ရှစ်သောင်းလေးထောင်သော စေတီပုထိုးများထဲက စေတီတော်တစ်ဆူဖြစ်ပြီး ငလျင်ဒဏ်ကြောင့် ပျက်စီးယိုယွင်းသွားခဲ့သော အဆိုပါ စေတီတော်မြတ်ကြီးကို မြစ်ကြီးနားမြို့ သက်တော်ရှည် ဓမ္မရက္ခိတ၀န်းသိုကျောင်းဆရာတော်ကြီးက ပြန်လည်ပြုပြင် မွမ်းမံပြီး တည်ထားကိုးကွယ်ခဲ့တာလည်း ဖြစ်သည်။

ခေါင်ဖူးလောကမာရဇိန်စေတီတော်မြတ်ကြီး၏ အံ့ဖွယ်ရှစ်ပါးကတော့

၁။ ရောင်ခြည်တော်ကွန့်မြူးခြင်း၊

၂။ သမ္မာဒေ၀နတ်များ ရွှေချခြင်း၊

၃။ငလျင်ဒဏ်ကြောင့် စေတီတော်ထီးတော် မြစ်ကမ်းပါးအောက်ခြေသို့
ထီးတော်မြေခစဉ် ပိန္နဲတိုင် မြစ်ရေ မနစ်မြုပ်ခြင်း၊(နှစ်စဉ် ဧရာဝတီမြစ်ရေကြီးသော်လည်း ထိုနှစ်က ဧရာဝတီမြစ်ရေသည် လုံးဝ မကြီးခဲ့ပါ)

၎။ စေတီတော်ရှိ ငွေတိုက်စေတီအား မြစ်ရေခ၍ ထိခိုက်မှုရှိက အန္တရာယ်တစ်ခုခု ကြုံရခြင်း၊

၅။ စေတီတော်ကြီး၏ အရှေ့ဖက် သဲသောင်ပေါ်ထွန်းတိုင်း တိုင်းပြည်အေးချမ်းမှုရှိခြင်း၊

၆။ စေတီတော်ကြီး၏ အရှေ့ဖက် ဧရာဝတီမြစ်ပြင်တွင် ငွေပြာသာဒ် ပေါ်ထွန်းလာသည်ကို ဖူးတွေ့ရခြင်း၊

၇။ စေတီတော်ကြီး ထီတော်တင်လှူတိုင်း လေကြီးမိုးကြီး သည်းထန်စွာရွာသွန်းခြင်း၊ (ထီတော်တင်လှူခိုက်တွင်သာ မိုးလေ ရပ်စွဲသွားလေ့ရှိခြင်း)

၈။ စေတီတော်ကြီး၏ ထီးတော်မဏ္ဍိုင်ကို နတ်ဒေ၀ါများ တစ်ဖန်ရွှေချသည်ဟု ကျော်ဇောသတင်း ပျံနှံ့ခြင်း တို့ဖြစ်တယ်လို့ ၀န်းသိုကျောင်းက ဆရာတော် ဦးသုနန္ဒက ရှင်းပြသည်။

No comments:

Post a Comment