Tuesday, March 18, 2014

မြန်ပြည်မြောက်ပိုင်း၊ ရှမ်းမျိုးနွယ်စုများ အထူးသိထား စဉ်းစားစေချင်

၁။ ပြည်ထောင်စုတိုင်းရင်းသားရေးရာဝန်ကြီးမှ ပြောကြားရာတွင် ၂၀၁၄-ခုနှစ်၊ သန်းခေါင်စာရင်းတွင် ဖြည့်သွင်းကြရာ၌ မိမိလူမျိုးကို မိမိဘာသာစကားဖြင့် ပြောဆို သုံးနှုန်းသည့် အမည်မှန်များကို ထည့်သွင်းပြောဆို ကြရန်အထူးအရေးကြီးကြောင်း၊ နိုင်ငံတော်သမ္မတနှင့်တိုင်းရင်းသားရေးရာဝန်ကြီးများ တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

၂။ နိုင်ငံတော်အစိုးရမှ တရားဝင် အသိအမှတ်ပြုထားသည့် တိုင်းရင်းသား(၁၃၅)မျိုးပါ ရှမ်းလူမျိုးစု စာရင်းဝင်ဖြစ်သည့် မြန်ပြည်မြောက်ပိုင်းအတွက် ခမ်းတီးရှမ်၊ ရှမ်းကလေး၊ ရှမ်းကြီး၊ တိုင်းလျမ်၊ တိုင်းလုံ၊ တိုင်းလေ့၊ မိုင်းသာ စသည့် လူမျိုးစာရင်းများသာ ဖြစ်သည်။

၃။ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အားဦးစီးဌာန၊ ၂၀၁၄-ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ဂဏန်းသင်္ကေတ စာရင်းတွင် ဂဏန်းသင်္ကေတ အမှတ်- ၉၁၄= အခြား ဟူသော သင်္ကေတအဓိပ္ပါယ်ပြန်ဆိုထားရာ၌ အခြား=(မြန်မာနိုင်ငံတွင်းရှိ အခြားလူမျိုးများနှင့် အခြားနိုင်ငံသားများ)ဟု ရေးသားဖော်ပြထားသည်ကိုတွေ့ရသည်။
၉၁၄= အခြား-ဟူသည် တိုင်းရင်းသား(၁၃၅)မျိုးတွင် မပါဝင်သည့် မြန်မာနိုင်ငံတွင်းရှိ အခြားလူမျိုးနှင့် အခြားနိုင်ငံသားများကို ဖော်ပြသည့် ကုတ်အမှတ်(ဂဏန်းသင်္ကေတ)ဖြစ်သည်။

၎။ မိမိဆန္ဒအရ ၉၁၄=အခြား ဟူသော ခေါင်းစဉ်အောက်သို့ ထည့်သွင်းခြင်းသည် တိုင်းရင်းသား(၁၃၅)မျိုးတွင် မပါဝင်လို၍သော်လည်းကောင်း၊ မြန်မာနိုင်ငံတွင်းရှိ အခြားလူမျိုးအဖြစ်ခံယူလို၍သော်လည်းကောင်း၊ အခြားနိုင်ငံသားအဖြစ် ခံယူလို၍သော်လည်းကောင်း ထည့်သွင်းခြင်းဖြစ်သည်ဟု ယူဆရပေလိမ့်မည်။

၅။ သန်းခေါင်စာရင်းကောက်ယူရာတွင် ကာယကံရှင်၏ ဆန္ဒအတိုင်း ထည့်သွင်းပေးသွားမည်ဖြစ်သည်။ မိမိဆန္ဒအရ ၉၁၄=အခြား ဟူသော စာရင်းတွင် ဖော်ပြသည်ဟု နိုင်ငံတော်အစိုးရမှ မှတ်ယူမည်ဖြစ်သည်။

၆။ ထို ဂဏန်းသင်္ကေတ ၉၁၄=အခြား ခေါင်းစဉ်အောက်ရှိ လူမျိုးများသည် တိုင်းရင်းသား ပြန်ဖြစ်လာနိုင်စရာ အကြောင်းကား မျှော်လင့်ချက်နည်းလွန်းလှသည်။ အဘယ့်ကြောင့်ဆိုသော် မိမိဆန္ဒအရ ၉၁၄=အခြား ဟူသော စာရင်းတွင် ထည့်သွင်းဖော်ပြကြခြင်းကြောင့်ဖြစ်သည်။

၇။ မြန်မာနိုင်ငံတွင် အစဉ်အဆက် အသုံးပြုလာသော တိုင်းရင်းသားလူမျိုးများစာရင်းတွင် မဖော်ပြကြဘဲ တိုင်းရင်းသားဖြစ်လျက်နဲ့ အခြား= ၉၁၄ တွင် မိမိတို့ဆန္ဒအလျှောက်ဖော်ပြကြခြင်းမှာ- မည်ကဲ့သို့ စဉ်းစား ရပါမည်နည်း-

သန်းခေါင်စာရင်းကောက်ခံမှု ပုံစံများအရ- ဂဏန်းသင်္ကေတ ၉၁၄=အခြားတွင် ဖော်ပြကြသူများကို သီခြားခွဲထုတ်၍ ဖော်ပြရန်ကား- သန်းခေါင်စာရင်း ကွန်ပျူတာများမှ လုပ်ဆောင်ပေးလိမ့်မည်မဟုတ်။ သန်းခေါင်းစာရင်း ၀န်ထမ်းများက သန်းခေါင်စာရင်းကောက်ခံသည့် ပုံစံစာရွက်တိုင်းကို တစ်ရွက်ချင်းစီ၊ တစ်မြို့နယ်ချင်းစီ၊ တစ်ပြည်နယ်ချင်းစီ သီးခြား စီစစ်ထုတ်ယူမှ မိမိလူမျိုးအမည် သီးခြားဦးရေစာရင်း ရရှိနိုင်မည်ဖြစ်သည်။ ထိုသို့လုပ်ဆောင်ပေးနိုင်ရန်ကား သန်းခေါင်စာရင်း ၀န်ထမ်းများ အချိန်ပေးနိုင်မည်မထင်။ လုပ်ဆောင်ပေးပါကလည်း လေးငါးဆယ်နှစ်ခန့် ကြာသွားနိုင်သည်။

၈။ ဒါကြောင့် မိမိလူမျိုးကို မိမိဘာသာစကားဖြင့် ခေါ်ဆိုသည့် တိုင်းရင်းသား(၁၃၅)မျိုး စာရင်းဝင်ဖြစ်သည့် မြန်ပြည်မြောက်ပိုင်းအတွက် ခမ်းတီးရှမ်း=၈၁၃။ ရှမ်းကလေး= ၈၂၁။ ရှမ်းကြီး= ၈၂၂။ တိုင်းလျမ်း= ၈၂၈။ တိုင်းလုံ= ၈၂၉။ တိုင်းလေ့= ၈၃၀။ မိုင်းသာ= ၈၃၁။ စသည်တို့ကို မှန်မှန်ကန်ကန် ဖြည့်သွင်းသွားကြရန် တိုက်တွန်း နှိုးဆော်လိုက်ပါသည်။

ဦးစိုင်းသာဇုံ
မြန်ပြည်မြောက်ပိုင်း

 

No comments:

Post a Comment