Tuesday, March 18, 2014

၂၀၁၄ သန်းခေါင်စာရင်းနှင့် အမျိုးသားရေးအန္တရာယ်

နှစ်ပေါင်း ၃၀ကျော် ကြာပြီးမှ ကုလသမဂ္ဂအကူအညီနဲ့ ပြန်လည်ကောက်ယူမည့် ၂၀၁၄ သန်းခေါင်စာရင်းကောက်ယူခြင်းကို အငြင်းပွားဖွယ်ရာ အချက်လက်များပါဝင်နေခြင်းကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးကို ထိခိုက်စေနိုင်သည်ဟု နိုင်ငံတကာအဖွဲ့အစည်းများနှင့် တိုင်းရင်းသားအဖွဲ့အစည်းများ ပြောဆိုနေသည့်ကြားမှ ၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို နိုင်ငံတော်အစိုးရက မူလအစီအစဉ်အတိုင်း လာမည့် မတ်လ ၃ဝရက်မှ ဧပြီလ ၁ဝရက်အထိ ကောက်ယူတော့မည့် အနေအထားဖြစ်သည်။

၂၀၁၄ သန်းခေါင်စာရင်းကို တိုင်းရင်းသားအဖွဲ့အစည်းများနှင့် ညှိနှိုင်းတိုင်ပင်မှုမရှိဘဲ စနစ်တကျ ပြုစုထားခြင်းမရှိသော တိုင်းရင်းသား ၁၃၅ မျိုးစာရင်းကို အခြေခံပြီး ကောက်ယူမည်ဖြစ်ရာ ၂၀၁၄ သန်းခေါင်စာရင်းတွင် တိုင်းရင်းသား ၁၃၅မျိုးစာရင်း အလျော့အတင်း ရှိလာနိုင်သည်ဟု ပြောဆိုမှုများလည်း ရှိနေသည်။

မည်သို့လျှင်ဆိုစေ ၂၀၁၄ သန်းခေါင်စာရင်းသည် ၂၀၁၃ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ဥပဒေအတိုင်း အသက်ဝင်သွားမည်ဖြစ်သည်။ ထိုမှ တဆင့် တိုင်းရင်းသား ၁၃၅မျိုးစာရင်းတွင် မပါဝင်ခဲ့ဘဲ အသစ်ထပ်တိုးလာမည့် တိုင်းရင်းသားမျိုးနွယ်စုများကို တိုင်းရင်းသားအဖြစ် ပြည်ထောင်စုလွှတ်တော်တွင် အဆုံးအဖြတ် ရယူမည်ဟု ပြောဆိုထားရာ ၂၀၁၃ တိုင်းရင်းသားလူမျိုးများ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေပါ အပိုဒ် ၂၊(က)အရ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း ပင်ရင်းနိုင်ငံအဖြစ် အမြဲနေထိုင်ခဲ့ကြသော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်းဆိုသည့် တိုင်းရင်းသားလူမျိုးစုကြီး (၈)မျိုးနှင့် ယင်းတို့၏ တိုင်းရင်းသားမျိုးနွယ်စု အမည်များကိုသာ အသိအမှတ်ပြုသွားကြရန်နှင့် တိုင်းရင်းသားလူမျိုးစုကြီး (၈)မျိုးအပြင် တိုင်းရင်းသားမဟုတ်ဘဲ အသစ်ထပ်တိုးလာမည့် တိုင်းရင်းသားမျိုးနွယ်စုတစ်ခုလုံး၏ အမျိုးသားရေး အန္တရာယ်ဖြစ်သော တိုင်းရင်းသားအမည်ကို ကာကွယ်စောင့်ရှောက်သွားကြရန် ဖြစ်သည်။

တိုင်းရင်းသားရေးရာဝန်ကြီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအမည် ပြောင်းလဲသတ်မှတ်ခြင်းများကို ဖွဲ့စည်းပုံအခြေခံဥပဒေပါအတိုင်းသာ ဆောင်ရွက်ရမည်ဖြစ်ပြီး ၂၀၁၄ သန်းခေါင်စာရင်းတွင် လူမျိုးအမည် ဖြေဆိုထည့်သွင်းရန် ရှုပ်ထွေး၍ သဘောထားကွဲလွဲနေသည့် တိုင်းရင်းသားမျိုးနွယ်စုများအတွင်း တိုင်းရင်းသားစည်းလုံးညီညွှတ်မှုကိုသာ ရှေးရှု၍ ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း တင်ပြလိုက်ရပါသည်။

admin အယ်ဒီတာ့ အာဘော်

No comments:

Post a Comment